စကော့တလန်ကျောင်းများတွင် ဖုန်းအသုံးပြုခြင်း တားမြစ်သည့်အဆိုအား ငြင်းပယ်

 

စကော့တလန်အစိုးရ၏ ကျောင်းတွင် မိုဘိုင်းဖုန်း အသုံးပြုမှုဆိုင်ရာ တားမြစ်ချက်အသစ်သည် "မသင့်လျော်သော သို့မဟုတ် ဖြစ်နိုင်ချေမရှိသော" လမ်းညွှန်ချက်အဖြစ် နိဂုံးချုပ်ခဲ့သည်။ သို့သော် ကျောင်းများနှင့် ဒေသအုပ်ချုပ်ရေးကောင်စီများသည် ဆန္ဒရှိပါက "တားမြစ်ချက်နှင့် ကန့်သတ်ချက်များကို ထုတ်ပြန်နိုင်သည်" ဟု ဆိုသည်။

 

ဩဂုတ်လ (၁၅) ရက်နေ့တွင် ထုတ်ဝေခဲ့သော နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်တွင် “မိုဘိုင်းဖုန်းများသည် ၎င်းတို့၏ အသုံးပြုမှုပေါ်မူတည်၍ သင်ယူမှုကို မြှင့်တင်နိုင်ပြီး တခြားတစ်ဖက်တွင် သင်ယူမှုကို အနှောင့်အယှက်ဖြစ်စေနိုင်သည်” ဟု ဖော်ပြထားသည်။

 

မိုဘိုင်းဖုန်းများကို သူတစ်ပါးအား အနိုင်ကျင့်ရန် သို့မဟုတ် နှောင့်ယှက်ရန် အသုံးပြုသည့်အခါ "ဖြစ်လာနိုင်ချေရှိသော ဆိုးကျိုးသက်ရောက်မှုများ" နှင့် မိုဘိုင်းဖုန်းများမှ ဖြစ်စေနိုင်သော "ကျောင်းသားများ၏ သင်ယူမှုကို အနှောင့်အယှက်ဖြစ်စေခြင်း” တို့ကို လက်ခံအသိအမှတ်ပြုထားပါသည်။

 

သို့သော် လမ်းညွှန်ချက်တွင် မိုဘိုင်းဖုန်းများသည် “သင်ယူမှုနှင့် သင်ကြားမှုကို မြှင့်တင်ရန် အစွမ်းထက်သည့် ကိရိယာများဖြစ်နိုင်သည်” နှင့် “ကျောင်းသားအချို့အတွက် သင်ယူမှုဆိုင်ရာ အခက်အခဲများကို ဖယ်ရှားနိုင်သည်” ဟုလည်း ဆိုသည်။ ထို့အပြင် ကျောင်းနှင့်ပတ်သက်သည့် ဝန်ဆောင်မှုများကိုလည်း မိုဘိုင်းဖုန်းများဆင့် မှာယူအသုံးပြုနိုင်ကြောင်းကိုလည်း ဖော်ပြပါထားသည်။ 

 

ထို့ကြောင့် “တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းများတွင် မိုဘိုင်းဖုန်းများ အသုံးပြုခြင်း တားမြစ်ချက်ကို အတည်ပြုရန် သင့်လျော်သည်ဟု ယူဆနိုင်ခြင်းမရှိကြောင်း” ဟု လမ်းညွှန်ချက်တွင် နိဂုံးချုပ် ရေးသားထားသည်။

 

သို့သော် “ကျောင်းများနှင့် ပညာရေးအာဏာပိုင်များသည် မိမိကျောင်း၊ မိမိဒေသ အခြေအနေပေါ် မူတည်၍ ကျောင်းများတွင် မိုဘိုင်းဖုန်း အသုံးပြုမှုဆိုင်ရာ တားမြစ်ချက်နှင့် ကန့်သတ်ချက်များကို အလျင်းသင့်သလို ထုတ်ပြန်ခွင့်ရှိသည်။" ဟုလည်း ထပ်လောင်းပြောကြားသည်။

 

Related Article : စကော့တလန်ကျောင်းများတွင် မိုဘိုင်းဖုန်းများကို လုံးဝပိတ်ပင်ရန် အဆိုသစ်တင်သွင်း

>> scottish-schools-ban-phones.html 

 

လမ်းညွှန်ချက်တွင် ပါဝင်သည့် ဖုန်းအသုံးပြုမှု တားမြစ်ရန် အကြံပြုထားသည့်အချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။ 

- မိုဘိုင်းဖုန်းများကို တာဝန်သိစွာ အသုံးပြုခြင်းဆိုင်ရာ မူဝါဒများကို ကျောင်းသား၊ ဝန်ထမ်းများ၊ မိဘများနှင့် တစ်ကျောင်းလုံး အသိုက်အဝန်းဖြင့် တည်ဆောက်သင့်ပါသည်။

- မိုဘိုင်းဖုန်းအသုံးပြုခြင်းဆိုင်ရာ စံချိန်စံညွှန်းများအတွက် ရှင်းလင်းပြတ်သားသော မူဝါဒများ ချမှတ်ရမည့်အပြင် မလိုက်နာပါက မည်သို့ အရေးယူဆောင်ရွက်မည်ကိုပါ စဉ်းစားထားရမည်။ 

- ကျောင်းအသိုက်အဝန်းမှ ချမှတ်ထားသည့် မူဝါဒများကို တသမတ်တည်း ကျင့်သုံးနိုင်ရပါမည်။ 

- မသင့်လျော်သော မိုဘိုင်းစက်ပစ္စည်း အသုံးပြုမှုအား တွေရှိပါက သိမ်းယူခြင်းနှင့် ပြန်လည်လွှဲပြောင်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများအပြင် ကျောင်းအတွင်း တာဝန်ရှိသူအား သတင်းပို့ခြင်းဆိုင်ရာ လမ်းညွှန်ချက်များကိုလည်း ရေးဆွဲထားသင့်သည်။ 

- ကိုယ်ရေးကိုယ်တာ ဖုန်းအသုံးပြုခြင်းဆိုင်ရာ လမ်းညွှန်ချက်များနှင့် ဖုန်းအသုံးပြုခြင်းဖြင့် ရရှိသော ရုပ်ပုံများ သို့မဟုတ် အသံသွင်းခြင်းများကို ခွင့်ပြုချက်မရှိဘဲ လူမှုကွန်ရက် သို့မဟုတ် အခြားဝဘ်ဆိုဒ်များသို့ လွှင့်တင်ခြင်းဆိုင်ရာ မူဝါဒများကိုလည်း ချမှတ်ရပါမည်။ 

 

ကျောင်းတွင်း ဖုန်းအသုံးပြုမှုဆိုင်ရာ ကန့်သတ်ချက်များတွင် အောက်ပါအချက်များကို ထည့်သွင်းစဉ်းစားသင့်သည်။ 

- ကျောင်းတက်နေစဉ်အတွင်း ကျောင်းသားများ၏ ကိုယ်ပိုင်အိတ်အတွင်းမှ ဖုန်းများကို သိမ်းဆည်းခြင်းနှင့် ဖုန်းများကို သီးခြားနေရာ သို့မဟုတ် စာသင်ခန်းတစ်နေရာတွင် သိမ်းဆည်းပြီး အဆုံးတွင် ပြန်လည်အပ်နှံခြင်း၊

- ကျောင်းသားများနှင့် မိသားစုများ အရေးပေါ် ဆက်သွယ်နိုင်စေရန် စီစဉ်ပေးထားခြင်း၊

- အချို့သော ကျောင်းသားများအတွက် ဖြစ်နိုင်သော ခြွင်းချက်များကို ထည့်သွင်းစဉ်းစားခြင်း၊ ဥပမာအားဖြင့် ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြု၍ စောင့်ကြည့်ရမည့် ဆေးဘက်ဆိုင်ရာ အခြေအနေရှိသူများ။

 

EIS (Educational Institute of Scotland) သင်ကြားရေးသမဂ္ဂ၏ အထွေထွေအတွင်းရေးမှူး Andrea Bradley က “အမှန်တကယ်ကတော့ ဒစ်ဂျစ်တယ်ကိရိယာတွေ နည်းပါးမှုနဲ့ ကျောင်းတွေရဲ့ အိုင်တီအခြေခံအဆောက်အအုံတွေမှာ ရင်းနှီးမြုပ်နှံမှု နည်းပါးမှုကြောင့် တစ်ကိုယ်ရေ မိုဘိုင်းဖုန်း အသုံးပြုမှု တိုးလာတယ်" ဟုဆိုပါသည်။ 

 

ထို့ကြောင့် “စမတ်ဖုန်း သို့မဟုတ် ဒေတာကို သုံးစွဲခွင့်မရသော ကျောင်းသားများအတွက် ဆိုးကျိုးမရှိကြောင်း သေချာစေရန် နိုင်ငံတော်၏ လမ်းညွှန်ချက်များအတိုင်း လိုက်ပါဆောင်ရွက်သင့်ပါတယ်" ဟု Andrea Bradley က ထပ်မံပြောကြားခဲ့သည်။ 

 

Source - TES

International News Read 47 times