Sales Hotline : 09448001653       Download App



ဆေးတက္ကသိုလ် (၂) ၏ လေးထပ်ကျောင်းဆောင်သစ် ဖွင့်လှစ်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ဆေးတက္ကသိုလ် (၂) ရန်ကုန်မှ ကျောင်းသား ကျောင်းသူများ စာသင် ကြားရာတွင် ပိုမိုထိရောက်အောင်မြင်စေရန် အုပ်စု ငယ်ဖြင့် စာသင်ကြားနိုင်ရေးအတွက် စာသင်ခန်း ငယ်များပါဝင်သည့် လေးထပ်ဆောင်သစ် အဆောက် အအုံဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြောက်ဥက္ကလာပမြို့နယ် ခေမာသီလမ်းရှိ ဆေး တက္ကသိုလ် (၂) အဆိုပါ စာသင်ဆောင်သစ်ရှေ့၌ ပြုလုပ်သည်။

စာသင်ဆောင်သစ်ကို ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊  ဆေးတက္ကသိုလ်(၂)ရန်ကုန် ပါမောက္ခချုပ်  ပါမောက္ခ ဒေါက်တာအေးထွန်း နှင့် ပြည်မဟာဆောက်လုပ်ရေးကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ဦးဇော်လင်းအောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး လူမှုရေးဝန်ကြီးက အဆောက် အအုံမှတ်တမ်း ကမ္ပည်းကြေးပြားကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့သည်။

စာသင်ဆောင်သစ်ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၈၉၆ ဒသမ ၈၀၀ သန်းဖြင့် ပြည်မဟာဆောက်လုပ်ရေးကုမ္ပဏီက ၂၀၂၀  ပြည့် နှစ်က စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

အကျယ်အဝန်းအားဖြင့်   အလျား ၁၄၆ ပေ၊ အကျယ်ပေ ၅၀၊ အမြင့်ပေ ၅၀ ရှိ လေးထပ်အဆောက် အအုံဖြစ်ပြီး မြေညီထပ်၌ ၁၅ ပေ x ပေ ၂၀ စာသင် ခန်း ၁၆ ခန်း၊ ပထမနှင့် ဒုတိယထပ်၌ ပေ ၃၀ x  ပေ ၂၀ စာသင်ခန်း ရှစ်ခန်း၊ တတိယထပ်၌ ပေ ၆၀ x ပေ ၅၀  စုဝေးခန်းမနှစ်ဆောင်ဖြင့်  တည်ဆောက် ထားခြင်းဖြစ်သည်။

“သင်ရိုးညွှန်းတမ်း အပြောင်းအလဲအတွက် ကျောင်းသားအုပ်စုတစ်စုကို အယောက် ၂၀/ ၃၀ လောက်နဲ့ပဲ စာသင်မှာဖြစ်ပါတယ်။ ကျောင်းသားနဲ့ ဆရာ၊   ကျောင်းသားအချင်းချင်း  အပြန်အလှန် ဆွေးနွေးမှုတွေ ရလာနိုင်ပါတယ်။ သင်ကြားသင်ယူ မှုအတွက် ပိုပြီးအထောက်အကူဖြစ်လာမှာပါ”ဟု ဆေးတက္ကသိုလ် (၂) ပါမောက္ခချုပ် ပါမောက္ခဒေါက်တာ အေးထွန်းက ပြောကြားသည်။  

Source: The Mirror Daily 

By Myanmar Education Guide (EDGE) 

News Read 1341 times