ဝန်ကြီးချုပ် မိုဒီက စာမေးပွဲစနစ်ကို ပြုပြင်ပြောင်းလဲရန် ကြေညာ

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒါမိုဒီသည် နိုင်ငံ၏ စာမေးပွဲစနစ်ကို ပြုပြင်ပြောင်းလဲရန်အတွက် နည်းပညာလုပ်ငန်းရှင် နန်ဒန်နီလီကာနီ ဦးဆောင်သည့် ကော်မတီတစ်ရပ် ဖွဲ့စည်းလိုက်ကြောင်း ဇူလိုင်လ (၂၆) ရက်နေ့က ကြေညာခဲ့သည်။

ဤလုပ်ရပ်မှာ ၂၀၂၆ ခုနှစ် မေလ (၃) ရက်တွင် ကျင်းပခဲ့သော NEET-UG (ဆေးပညာ ဝင်ခွင့်စာမေးပွဲ) မေးခွန်း ပေါက်ကြားမှုများနှင့် ပတ်သက်၍ ကျောင်းသားလူငယ်များ၏ ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

မိုဒီက အင်စတာဂရမ်တွင် "ကျွန်ုပ်တို့ရဲ့ စာမေးပွဲစနစ်ဟာ ယုံကြည်စိတ်ချရရမယ်၊ ပွင့်လင်းမြင်သာမှု ရှိရမယ်၊ ပြီးတော့ နည်းပညာကို အများဆုံး အသုံးချနိုင်တဲ့ စနစ်တစ်ခု ဖြစ်လာရပါမယ်" ဟု ပြောကြားခဲ့သည်။ 

ထို့အပြင် မေးခွန်းပေါက်ကြားမှုများကို ကိုင်တွယ်ဖြေရှင်းရန် ဥပဒေအသစ်တစ်ရပ်ကို ဇူလိုင်လ (၂၇) ရက်နေ့တွင် လွှတ်တော်သို့ တင်သွင်းသွားမည်ဖြစ်ပြီး၊ ဥပဒေစိုးမိုးမှုကို ပိုမိုတင်းကျပ်ကာ ပြစ်မှုကျူးလွန်သူများကို ပြစ်ဒဏ်များ ပြင်းထန်စွာ ချမှတ်သွားမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ကျောင်းသားများ၏ တောင်းဆိုဆန္ဒပြမှုများကြောင့် ပညာရေးဝန်ကြီး ဓမန်ဒြာပရာဒန်က ဇူလိုင်လ (၂၅) ရက်နေ့တွင် ရာထူးမှ နုတ်ထွက်သွားခဲ့ရကြောင်း သိရသည်။

ကျောင်းသားများဘက်မှလည်း ၎င်းတို့၏ တောင်းဆိုချက်များ ပြည့်ဝခဲ့ပြီးနောက် ဇူလိုင်လ (၂၅) ရက်နေ့တွင် ဆန္ဒပြလှုပ်ရှားမှုများကို ရပ်ဆိုင်းလိုက်ကြောင်း ကြေညာခဲ့သည်။

အစိုးရသည် စာမေးပွဲစနစ် ပြုပြင်ပြောင်းလဲရေးအတွက် ဆန္ဒပြသူများ၏ တောင်းဆိုချက်များကို လက်ခံခဲ့ရာ ဆန္ဒပြသူများအပေါ် စွဲဆိုထားသည့် အမှုများကို ရုပ်သိမ်းပေးခြင်းနှင့် စာမေးပွဲမေးခွန်း ပေါက်ကြားမှုများကြောင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ကြသည့် ကျောင်းသားများ၏ မိသားစုများကို လျော်ကြေးပေးခြင်းတို့ ပါဝင်သည်။

Source - CNA

International News Read 15 times