လာမည့်နှစ် နမီးဘီးယားတွင် အခမဲ့ တက္ကသိုလ်ပညာရေးစနစ် စတင်မည်

လာမည့် ၂၀၂၆ ပညာသင်နှစ်မှစ၍ နိုင်ငံပိုင်တက္ကသိုလ်များနှင့် ကောလိပ်များတွင် ကျောင်းလခ ပေးဆောင်ရသည့်စနစ်ကို ဖျက်သိမ်းတော့မည်ဖြစ်ကြောင်း နမီးဘီးယားသမ္မတအသစ်က ကြေညာထားသည်။

နမီးဘီးယားသည် အစိုးရအခြေခံပညာကျောင်းများနှင့် အထက်တန်းကျောင်းများတွင် အခမဲ့ ပညာရေးစနစ်အား ကျင့်သုံးလျက်ရှိသည့် နိုင်ငံဖြစ်ပြီး နောက်နှစ်တွင် အဆင့်မြင့်ပညာရေးမှာပါ အခမဲ့စနစ် ဖြစ်လာတော့မည်။

နိုင်ငံ၏ပထမဆုံး အမျိုးသမီးသမ္မတဖြစ်လာသည့် Netumbo Nandi-Ndaitwah သည် ၎င်း၏ ပထမဆုံး နိုင်ငံတော်မိန့်ခွန်းတွင် ယခုလို ကြေငြာချက်ကို ထုတ်ပြန်ခဲ့သည်။ 

မိန့်ခွန်းပြောကြားရာတွင် Nandi-Ndaitwah က ကျောင်းသားများသည် အစိုးရတက္ကသိုလ်များနှင့် နည်းပညာကောလိပ်များအားလုံးတွင် "မှတ်ပုံတင်ကြေးဖြစ်စေ ကျောင်းလခဖြစ်စေ" မည်သည့်အခကြေးငွေကိုမှ ပေးဆောင်ရမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

Nandi-Ndaitwah က အခမဲ့ တက္ကသိုလ်ပညာရေးကို ဖြည်းဖြည်းချင်း လုပ်ဆောင်သွားမည်ဖြစ်ပြီး၊ ယခုလက်ရှိတွင် ကျောင်းသားများအတွက် နေရာထိုင်ခင်းနှင့် အခြားဆက်စပ်ကုန်ကျစရိတ်များအတွက်သာ ပံ့ပိုးပေးနိုင်ဦးမည်ဖြစ်ကြောင်း သူမက ပြောကြားခဲ့သည်။

ထောက်ပံ့ငွေများသည် နိုင်ငံ၏ အစိုးရတက္ကသိုလ်အချို့ကို ပေးအပ်ထားသည့် ငွေများနှင့် ကျောင်းသားငွေကြေးထောက်ပံ့မှုရန်ပုံငွေများမှ ရရှိလာပြီး ရန်ပုံငွေပမာဏ ထပ်လိုအပ်နေသေးကြောင်း သူမက ပြောကြားခဲ့သည်။ 

Nandi-Ndaitwah ၏ အဆိုပါ ကြေညာချက်ကို ကျောင်းသားအဖွဲ့အစည်းအချို့က ကြိုဆိုခဲ့သော်လည်း အချို့ကမူ ယင်းသည် ဖြစ်နိုင်ချေမရှိဘဲ ရှုပ်ထွေးသည့် ကြေညာချက်တစ်ခုဟု ဝေဖန်ကြသည်။

ဝေဖန်သူအချို့က အခမဲ့ ပညာရေးစနစ်သည် ကျောင်းသားအားလုံးအတွက် မဟုတ်ဘဲ ဝင်ငွေနည်းသော အိမ်ထောင်စုများမှ ကျောင်းသားများအတွက်သာ အကျုံးဝင်မည်ဟုလည်း ခန့်မှန်းထားကြသည်။ 

တောင်အာဖရိကတွင် လူငယ်အလုပ်လက်မဲ့နှုန်း မြင့်တက်လာမှုနှင့် ဆင်းရဲနွမ်းပါးမှု ပြဿနာများကြောင့် လူငယ်များအတွက် အခွင့်အလမ်းများ မြှင့်တင်ပေးရန် ရည်ရွယ်ချက်ဖြင့် အခမဲ့ တက္ကသိုလ်ပညာရေးစနစ်ကို စတင်ကျင့်သုံးရန် စီစဉ်ထားခြင်းဖြစ်ကြောင်း နမီးဘီးယားသမ္မတက ပြောကြားထားသည်။

Source - BBC ၊ Reuters

International News Read 14 times