ထိုင်းကျောင်းသား (၄,၆၀၀) ကျော်တွင် သည်းခြေပြွန်ကင်ဆာဖြစ်နိုင်သည့် ကပ်ပါးပိုး တွေ့ရှိ

ထိုင်းနိုင်ငံ မဟာစာရခမ်ပြည်နယ်ရှိ ပထမနှစ် တက္ကသိုလ်ကျောင်းသား ကျောင်းသူပေါင်း (၄,၆၀၀) ကျော်တွင် သည်းခြေပြွန်ကင်ဆာဖြစ်နိုင်သည့် အသည်းတွင်းကပ်ပါးကောင် ကူးစက်ခံထားရကြောင်း သိရသည်။

မဟာစာရခမ်တက္ကသိုလ်တွင် ပထမနှစ်ကျောင်းသား စုစုပေါင်း (၁၂,၇၃၃) ဦးအနက် (၄,၂၃၃) ဦးတွင် ပိုးတွေ့ရှိခဲ့သဖြင့် ကူးစက်မှုနှုန်းမှာ ၃၃% ခန့် ရှိပြီး ရာဇာဘတ် မဟာစာရခမ်တက္ကသိုလ်တွင်မူ ကျောင်းသား (၁,၉၂၂) ဦးအနက် (၃၈၀) ဦးတွင် ပိုးတွေ့ရှိခဲ့ပြီး ကူးစက်မှုနှုန်းမှာ ၁၉% ရာခိုင်နှုန်းခန့် ရှိနေသည်။

ပြည်နယ်ကျန်းမာရေးတာဝန်ရှိသူများက ယခုစစ်ဆေးတွေ့ရှိချက် ရလဒ်များသည် "စိုးရိမ်ဖွယ်ရာအတိ ဖြစ်သည်" ဟု ပြောကြားခဲ့ကြသည်။ အကြောင်းမှာ အဆိုပါပြည်နယ်ရှိ ပြည်သူလူထုအကြား ပျမ်းမျှကူးစက်မှုနှုန်းမှာ ၁၁% ခန့် ရှိနေသောကြောင့် ဖြစ်သည်။

အဆိုပါကူးစက်ခံရမှုအား တွေ့ရှိမှုအပြီးတွင် မဟာစာရခမ်ပြည်နယ် အုပ်ချုပ်ရေးမှူး ချွန်ပစ် ဒီချာရတ်က ပြည်နယ်တစ်ခုလုံးရှိ သင်္ဘောသီးထောင်းဆိုင်များကို ချက်ချင်း ဝင်ရောက်စစ်ဆေးရန် အမိန့်ပေးခဲ့သည်။ 

ကျန်းမာရေးအာဏာပိုင်များက ယခုကူးစက်မှုသည် အရှေ့မြောက်ပိုင်း ထိုင်းဟင်းလျာများနှင့် သင်္ဘောသီးထောင်းတို့တွင် အဓိက အသုံးပြုလေ့ရှိသည့် ဒေသအခေါ် ပလရ ဟုခေါ်သော ငါးပိရည် သို့မဟုတ် စနစ်တကျ ချက်ပြုတ်ထားခြင်းမရှိသည့် ငါးပိကောင်များ စားသုံးခြင်းနှင့် ဆက်စပ်နိုင်သည်ဟု သံသယရှိနေကြသည်။

တာဝန်ရှိသူများက ညစ်ညမ်းနေသော အစားအစာများတွင် အသည်းတွင်းကပ်ပါးကောင်၏ ဥများ သို့မဟုတ် သန်ကောင်များ ပါဝင်နေနိုင်သဖြင့် ကူးစက်နိုင်ခြေကို လျှော့ချနိုင်ရန် ဈေးရောင်းချသူများအနေဖြင့် စနစ်တကျ ချက်ပြုတ်ထားသော ငါးချဉ်/ငါးပိကောင်များကိုသာ အသုံးပြုကြရန် တိုက်တွန်းထားသည်။

ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့သည် ကျန်းမာရေးလမ်းညွှန်ချက်များကို လိုက်နာပြီး ငါးချဉ်/ငါးပိထုတ်ကုန်များကို စနစ်တကျပြင်ဆင်ချက်ပြုတ်သည့် ဆိုင်များအတွက် အစားအသောက်ဘေးကင်းလုံခြုံမှုဆိုင်ရာ ထောက်ခံချက်လက်မှတ်များ ထုတ်ပေးရန်လည်း ပြင်ဆင်နေသည်။

ယခုကဲ့သို့ ကူးစက်ခံရသူ အရေအတွက် အမြောက်အမြားရှိနေခြင်းကြောင့် ပြည်နယ်အာဏာပိုင်များသည် ကျောင်းသူကျောင်းသားများ၊ တက္ကသိုလ်ကျောင်းသားများနှင့် အစားအသောက်ရောင်းချသူများကို ပစ်မှတ်ထား၍ ပညာပေးလှုပ်ရှားမှုတစ်ရပ်ကို စတင်ရန် စီစဉ်နေသည်။

ထိုင်းကျန်းမာရေးတာဝန်ရှိသူများက အသည်းတွင်းကပ်ပါးကောင် ကူးစက်မှုကို ကုသမှုမခံယူဘဲ ထားပါက ရေရှည်တွင် ပြင်းထန်သော ကျန်းမာရေးပြဿနာများကို ဖြစ်စေနိုင်ကြောင်း သတိပေးထားသည်။ နာတာရှည်ကူးစက်ခံရပါက ကူးစက်ခံရပြီး (၁၅) နှစ်မှ နှစ် (၂၀) ခန့်အကြာတွင် သည်းခြေပြွန်ကင်ဆာ ဖြစ်ပွားနိုင်ခြေ မြင့်မားလာနိုင်ကြောင်း သိရသည်။

International News Read 5 times