US ကျောင်းသားများသည် ကောလိပ်ထက် အသက်မွေးဝမ်းကြောင်းဘက်ကို ဦးစားပေးရွေးချယ်လာ

အမေရိကန်ရှိ လူငယ်အများအပြားက ကောလိပ်တက်ခြင်းထက် အသက်မွေးဝမ်းကြောင်းသင်တန်းနှင့် အလုပ်ကို ရွေးချယ်မှု ပိုမို များပြားလာသည်။

အမေရိကန် စီးပွားရေးလုပ်ငန်းများ၏ လုပ်သားအင်အားကို စီမံခန့်ခွဲရာတွင် ကူညီပေးသော ကုမ္ပဏီတစ်ခုဖြစ်သည့် Gusto မှ ရရှိသည့် အချက်အလက်များအရ ၂၀၂၄ ခုနှစ်တွင် ကောလိပ်တက်ရောက်သော အမေရိကန် ကျောင်းသားဦးရေ နည်းပါးသွားကြောင်း သိရသည်။

အသက် (၁၈) နှစ်မှ (၂၅) နှစ်ကြားရှိ အမေရိကန်လူငယ်များသည် စုစုပေါင်းလုပ်သားအင်အား၏ (၁၄%) ကိုသာ ကိုယ်စားပြုသော်လည်း ၂၀၂၄ ခုနှစ်၊ ပထမသုံးလပတ်တွင် ဆောက်လုပ်ရေး၊ လျှပ်စစ်လုပ်ငန်း၊ မော်တော်ယာဉ်ပြုပြင်ခြင်း၊ ပိုက်တပ်ဆင်ခြင်းကဲ့သို့သော လုပ်ငန်းနယ်ပယ်များတွင် အလုပ်ဝင်ရောက်မှုမှာ (၂၅%) အထိ ရှိခဲ့ကြောင်း Gusto မှပြောကြားခဲ့သည်။ 

CNBC သတင်းဌာန၏ အဆိုအရ လူငယ်များသည် အသက်မွေးဝမ်းကြောင်းသင်တန်းများကို ရွေးချယ်ပြီး လုပ်ငန်းခွင်သို့ စောစီးစွာ ဝင်ရောက်မှု၏ အဓိက အကြောင်းအရင်းမှာ အမေရိကန်တွင် အဆင့်မြင့်ပညာရေးစရိတ်များ မြင့်တက်လာခြင်းကြောင့် ဖြစ်သည်။

၂၀၁၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း အစိုးရတက္ကသိုလ်တစ်ခု၏ ပျမ်းမျှတစ်နှစ်ကုန်ကျစရိတ်မှာ (၃၀)% တိုးလာပြီး ပုဂ္ဂလိကတက္ကသိုလ်များသည် (၄၂)% အထိ တိုးမြင့်လာကြောင်း U.S. ရှိ အဆင့်မြင့်ပညာရေးဒေတာကို စုဆောင်းသည့် အဖွဲ့အစည်း Education Data Initiative မှ သိရသည်။

အစီရင်ခံစာတွင် အသက် (၂၁) နှစ်အရွယ် Morgan Bradbury က အထက်တန်းပြီးနောက် Universal Technical Institute မှာ ဒေါ်လာ (၂၁,၀၀၀) ကုန်ကျစရိတ်ရှိသည့် ဂဟေဆက်ခြင်းသင်တန်းကို (၉) လကြာ တက်ရောက်ပြီး ၂၀၂၄ ခုနှစ်တွင် ကုမ္ပဏီတစ်ခုက တစ်နှစ်လုပ်ခလစာ ဒေါ်လာ (၅၇,၀၀၀) ဖြင့် အလုပ်ခန့်ခဲ့ကြောင်း ဖော်ပြထားသည်။ 

Federal Reserve Bank of New York ၏ အဆိုအရ ပိုမိုကျယ်ပြန့်သော အမေရိကန် အလုပ်သမားစျေးကွက်တွင် ကောလိပ်ဘွဲ့ဒီဂရီရရှိသူများသာ လစာမြင့်ကြသည်ဟု သိရသည်။ ၂၀၂၄ ခုနှစ်တွင် Bachelor's Degree ရှိသော အလုပ်သမားတစ်ဦးအတွက် ပျမ်းမျှလစာသည် တစ်နှစ်လျှင် ဒေါ်လာ (၈၀,၀၀၀) ဖြစ်သည်။ 

သို့သော် US Bureau of Labor Statistics (BLS) ၏ အချက်အလက်များအရ ဆောက်လုပ်ရေး၊ ကုန်ထုတ်လုပ်ငန်းနှင့် သယ်ယူပို့ဆောင်ရေးကဲ့သို့သော လုပ်ငန်းများတွင် အလုပ်အကိုင် ရရှိမှုသည် သမားရိုးကျ ရုံးအလုပ်များထက် ပိုမိုမြင့်မားသည်။

လက်လုပ်လက်စား အများအပြားကို အလုပ်ခန့်ထားသည့် အဆိုပါစက်မှုလုပ်ငန်းများသည် ဘွဲ့ရများ အလုပ်ခန့်ထားသည့် ဝန်ဆောင်မှုလုပ်ငန်းများ၊ စီးပွားရေးကဏ္ဍများနှင့် နှိုင်းယှဉ်ပါက လုပ်သားလျှော့ချမှု နည်းပါးကြောင်း တင်ပြကြသည်။

Source - VN Express

International News Read 6 times