မလေးရှားတွင် ပထမတန်းကို အသက်အရွယ်အုပ်စုနှစ်စုခွဲပြီး တက်ရောက်ခွင့်ပြုမည် 

၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ပထမတန်းတက်ရောက်မည့်သူများကို အသက်အရွယ်အုပ်စုနှစ်ခု ခွဲခြားသတ်မှတ်၍ ကျောင်းအပ်နှံခွင့်ပြုမည်ဖြစ်ကြောင်း မလေးရှားဝန်ကြီးဌာနမှတဆင့် သိရသည်။

ဒုတိယပညာရေးဝန်ကြီး Wong Kah Woh က “Double Cohort” ဆိုသည်မှာ အသက် (၆) နှစ်နှင့် (၇) နှစ် ကျောင်းသားများကို တစ်ပြိုင်နက်တည်း ပထမတန်းသို့ ကျောင်းအပ်လက်ခံသင်ကြားခြင်းကို ဆိုလိုကြောင်း ပြောကြားခဲ့သည်။

ပုံမှန်အားဖြင့် မလေးရှားတွင် အသက် (၇) နှစ်မှ ပထမတန်း စတင် တက်ရောက်နိုင်ခြင်းဖြစ်ပြီး ယခုပြောင်းလဲမှုသည် (၆) နှစ်အရွယ်ကလေးများကိုပါ ပထမတန်း တက်ရောက်ခွင့်ပြုလိုက်ခြင်းဖြစ်သည်။ 

မြင့်တက်လာမည့် ကျောင်းသားအရေအတွက်ကြောင့် ဝန်ကြီးဌာနအနေဖြင့် ကျောင်းစီမံခန့်ခွဲမှု၊ ဆရာ/ဆရာမများ ခန့်ထားမှုနှင့် စာသင်ခန်းအပြင်အဆင်များ စသည်တို့းကို စတင် လုပ်ဆောင်နေပြီဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

ကျောင်းတိုင်းတွင် လိုအပ်မည့် ဆရာအရေအတွက်နှင့် စာသင်ခန်းအရေအတွက်ကို ကြိုတင် ဖြည့်တင်းနိုင်ရန် ၂၀၂၆ ခုနှစ် မတ်လ (၃၁) ရက်နေ့ နောက်ပိုင်း ကျောင်းအပ်မည့် အသက် (၆) နှစ်အရွယ် ကလေးများ၏ အရေအတွက်ကို စောင့်ကြည့်မည်ဖြစ်ကြောင်း သိရသည်။ 

အဆိုပါပြောင်းလဲမှုကို လူအများက စိုးရိမ်နေသော်လည်း ပညာရေးဝန်ကြီးဌာနက နိုင်ငံတဝန်းရှိ ကျောင်းများတွင် ဆရာ/ဆရာမ လုံလောက်မှုနှင့် ကျောင်းအဆောက်အဦးအခြေအနေများအတွက် အစောပိုင်း စီမံကိန်းများ စတင်ထားပြီးဖြစ်သည်ဟု ဆိုသည်။

Institute of Teacher Education (IPG) တွင် (၅) နှစ် သင်တန်းတက်နေသည့် ဆရာ၊ဆရာမ အသစ်များကို စောင့်ဆိုင်းနေစဉ် ပညာရေးဝန်ကြီးဌာနသည် Education Service Commission (SPP) နှင့် ဆွေးနွေးကာ ဆရာ၊ဆရာမ အသစ်များ ခန့်ထားရေး အစီအစဉ်များကို တိုးချဲ့လုပ်ဆောင်နေသည်။

ထို့အပြင် စာသင်ခန်း လုံလောက်မှု မရှိသော ကျောင်းများကို ရှာဖွေနေပြီး၊ အထူးသဖြင့် ကျောင်းသားအလွန်များပြားသော ကျောင်းများတွင် စာသင်ခန်းအသစ်များ တည်ဆောက်မည်ဖြစ်သည်။

ထိုစာသင်ခန်းများကို ပုံမှန် ဆောက်လုပ်ရေးနည်းလမ်းအတိုင်း မဟုတ်ဘဲ လေးလမှ ငါးလအတွင်း ပြီးစီးနိုင်သည့် Industrialised Building System (IBS) နည်းလမ်းဖြင့် တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

Source - Bernama 

International News Read 11 times