Sales Hotline : 09448001653       Download App



မီဇိုရမ်ပြည်နယ် မြန်မာဒုက္ခသည်များ၏ ကလေးများအား ကျောင်းအပ်လက်ခံခွင့်ပြု

အိန္ဒိယနိုင်ငံ  မီဇိုရမ်ပြည်နယ်တွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းနေထိုင်သူများ၊ ဒုက္ခသည်များ၏ သားသမီးများကို လူသားချင်းစာနာ ထောက်ထားသောအားဖြင့် ကျောင်းအပ်လက်ခံမည်ဖြစ်ကြောင်း မီဇိုရမ်ပြည်နယ် အစိုးရသတင်းရင်းမြစ်အချို့က ပြောကြားသည်။

မြန်မာနိုင်ငံမှ မီဇိုရမ်ပြည်နယ်ဘက်သို့ ထွက်ပြေးလာသူအများစုသည် ဒုက္ခသည်စခန်းများတွင် နေထိုင်နေကြသည်။

မီဇိုရမ်ပညာရေးဦးစီးဌာနက သြဂုတ် ၃၁ ရက်တွင် ခရိုင်ပညာရေးအာဏာပိုင်များ အားလုံးထံ အကြောင်းကြားစာပေးပို့ခဲ့သည့်အထဲတွင် ဒုက္ခသည်များ၏သားသမီးများ ပညာဆက်လက်သင်ယူနိုင်အောင် ကျောင်းအပ်ခွင့်ပြုရန် ညွှန်ကြားထားသည်။ 

၂၀၀၉ ခုနှစ် ကလေးများအခမဲ့နှင့် မသင်မနေရပညာရေးဥပဒေအရ ယခုကဲ့သို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီး ၎င်းဥပဒေအရချို့တဲ့သည့် မိသားစုအသိုင်းအဝိုင်းမှ အသက်ခြောက်နှစ်မှ ၁၄ နှစ်ကြား ကလေးများအားလုံးသည် ၎င်းတို့၏အသက်အရွယ်နှင့်ကိုက်ညီသော စာသင်တန်းများတွင် တက်ရောက်ခွင့်ရှိကြောင်း စာထဲတွင်ဆိုထားသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအပြောင်းအလဲများကြောင့် နယ်နိမိတ်ချင်းထိစပ်နေသည့်  အိန္ဒိယအရှေ့မြောက်ပိုင်းပြည်နယ် မီဇိုရမ်ထဲသို့ ဖေဖော်ဝါရီနှောင်းပိုင်းမှစတင်ကာ ထွက်ပြေးခိုလှုံမှုများရှိလာခဲ့ခြင်းဖြစ်သည်။

မြန်မာဘက်မှ ထွက်ပြေးလာသူများကို လက်မခံရန် အိန္ဒိယဗဟိုအစိုးရက ညွှန်ကြားခဲ့သော်လည်း ပြည်နယ်ဝန်ကြီးချုပ် ဇိုရမ်သန် ဂါဦးဆောင်သည့် မီဇိုရမ်ပြည်နယ်အစိုးရက မျိုးနွယ်စုချင်းဆက်နွှယ်နေမှုကို ထောက်ပြပြီး ထွက်ပြေးလာသူများကို လက်ခံခဲ့သည်။

ချင်းပြည်နယ်သည် မီဇိုရမ်ပြည်နယ်ထဲမှ ချန်ဖိုင်အပါအဝင် ဒေသခြောက်ခုနှင့် ၅၁၀ ကီလိုမီတာထိစပ်နေပြီး မီဇိုရမ်ဝန်ကြီးချုပ် ဇိုရမ်သန်ဂါက ၎င်း၏ပြည်နယ်ထဲတွင် ခိုလှုံနေသူများကို ကူညီထောက်ပ့ံရန် ရန်ပုံငွေ ချပေးထားကြောင်း ဇွန်လလယ်က ပြောကြားခဲ့သည်။

မီဇိုရမ်ပြည်နယ်တွင် ခိုလှုံနေကြသည့် ချင်းလူမျိုးအများစုသည် ဇိုတိုင်းရင်းသားများဖြစ်ပြီး ၎င်းတို့သည် မီဇိုရမ်ပြည်နယ်ဘက်မှ  မီဇိုလူမျိုးများနှင့်မျိုးနွယ်၊ ယဉ်ကျေးမှုတူကြသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအပြောင်းအလဲများ စဖြစ်လာသည့် ဖေဖော်ဝါရီမှ ဇွန်လနောက်ဆုံးပတ်အထိ  မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေးရောက်ရှိလာသူ မြန်မာနိုင်ငံသားဦးရေသည် ၁၀၀၂၅ ဦးရှိနေပြီး လွှတ်တော်ကိုယ်စားလှယ် ၂၂ ဦးပါဝင်သည်ဟု အိန္ဒိယရဲအရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ Press Trust of India သတင်းဌာနက ဇွန်လကုန်ပိုင်းတွင် သတင်းတစ်ရပ်ဖော်ပြခဲ့သည်။

ယင်းရဲအရာရှိ၏အဆိုအရ မြန်မာဒုက္ခသည်အနည်းစုသည် မြန်မာနိုင်ငံဘက်သို့ ပြန်လာကြကြောင်း သိရသည်။

မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့၏ အချက်အလက်များကိုကိုးကားပြီး မီဇိုရမ်ပြည်နယ်ဒေသ ၁၁ ခုအနက် ၁၀ ခုတွင် မြန်မာနိုင်ငံသားများ ခိုလှုံနေကာ ချမ်ဖိုင်တစ်နေရာတည်း၌ပင် မြန်မာနိုင်ငံသား ၄၃၅၂ ဦးရှိပြီဖြစ်ကြောင်း ၎င်းရဲအရာရှိက ပြောကြားသည်။

မီဇိုရမ်သို့ ဝင်ရောက်လာသူအများစုသည် အရပ်သားများဖြစ်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ ကလေးသူငယ်များနှင့် သက်ကြီးပိုင်းများလည်းပါလာကြောင်း အထက်ပါရဲအရာရှိက ပြောကြားသည်။

 

news-eleven.com

International News Read 693 times