အောက်စ်ဖို့ဒ်က အထက်တန်းကျောင်း၏ ပထမဆုံး နိုင်ငံတကာကျောင်းခွဲကို ဘန်ကောက်တွင် ဖွင့်မည်

ယူကေရှိ နှစ်ပေါင်း (၅၅၀) သက်တမ်းရှိသော Magdalen College School Oxford သည် ၄င်း၏ ပထမဆုံး နိုင်ငံတကာကျောင်းခွဲကို ဘန်ကောက်တွင် ဖွင့်လှစ်ရန် စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။

MCS Oxford သည် အောက်စ်ဖို့ဒ်တက္ကသိုလ်အောက်က Magdalen College က တည်ထောင်ထားသည့် အထက်တန်းကျောင်းဖြစ်ပြီး ၄င်း၏ ပထမဆုံး နိုင်ငံတကာကျောင်းခွဲကို ဘန်ကောက်တွင် ဖွင့်လှစ်ရန် ဟောင်ကောင်အခြေစိုက် CIEO နှင့် ပူးပေါင်း၍ ပြင်ဆင်နေကြောင်း သိရသည်။ 

၂၀၂၅ ခုနှစ် အောက်တိုဘာ (၁၅) ရက်နေ့တွင် ကျောင်းသည် ဘန်ကောက်မြို့ ကျောင်းဝင်းတွင် အဆောက်အဦးအတွက် စတင် အုတ်မြစ်ချခဲ့ပြီး နိုင်ငံတကာ မိတ်ဆက်ပွဲကို ကျင်းပခဲ့သည်။

အခမ်းအနားတွင် MCS Oxford နှင့် CIEO Group မှ တာဝန်ရှိသူများ၊ အာရှတစ်ဝှမ်းရှိ ပညာရေးခေါင်းဆောင်များအပါအဝင် ဗြိတိန်သံရုံး၊ ဗြိတိန်ကုန်သည်ကြီးများအသင်း၊ စပိန်ကုန်သည်ကြီးများအသင်းနှင့် စကော့တလန်အသင်းတို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ထိုင်းနိုင်ငံတွင် အထူးသဖြင့် ဘန်ကောက်နှင့် အရှေ့စီးပွားရေးစင်္ကြံတွင် နိုင်ငံတကာမှ ကျောင်းခွဲများ လာရောက်ဖွင့်လှစ်မှု အခြေအနေ ပိုမို တိုးတက်လာသည်။ ဤအရှိန်အဟုန်သည် စက်မှုရင်းနှီးမြှုပ်နှံမှုများ မြင့်တက်လာခြင်းနှင့် နိုင်ငံတကာ အသိအမှတ်ပြု ပညာရေးကို ရှာဖွေနေသည့် ပြည်ပ လူဦးရေ တိုးပွားလာခြင်းတို့ကြောင့် ဖြစ်သည်။

MCS Oxford (UK) သည် ထူးချွန်သော A-Level နှင့် GCSE ရလဒ်များအတွက် ကျော်ကြားပြီး ထိပ်တန်းတက္ကသိုလ်များသို့ ဝင်ခွင့်ရရှိစေသည့် အောင်မြင်သော ကျောင်းတစ်ကျောင်းဖြစ်သည်။ ၂၀၁၄ ခုနှစ်မှ စတင်၍ ထိုကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၄၀၀) ကျော်သည် Oxford နှင့် Cambridge တက္ကသိုလ်များတွင် ဝင်ခွင့် ရရှိခဲ့ကြသည်။

MCS Oxford မှ ကျောင်းအုပ်ဆရာမကြီး Helen Pike မှ "ထိုင်းနိုင်ငံက ကျောင်းသားများအတွက် အနာဂတ် ပြင်ဆင်မှုတွင် ပျော်ပျော်ရွှင်ရွှင် သင်ကြားနိုင်ရန် ကျွန်ုပ်တို့၏ ပညာရေးစံနှုန်းများကိုသာမက အသွင်ပြောင်းပညာရေးစွမ်းအားကိုပါ ယူဆောင်လာပေးပါမည်။" ဟု ပြောကြားခဲ့သည်။

ယူကေအမှုဆောင်အဖွဲ့သည် ဘန်ကောက်ရှိ ကျောင်းများမှ ခေါင်းဆောင်များ အပါအဝင် အတွေ့အကြုံရင့် ထိုင်းပညာရေးမှူးများနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဗြိတိန်ပညာရေးစံနှုန်းများ၊ အနာဂတ်အတွက် အဆင်သင့်ဖြစ်စေသည့် ကျွမ်းကျင်မှုများနှင့် ထိုင်းယဉ်ကျေးမှုတို့ကို ဟန်ချက်ညီစေမည့် သင်ရိုးညွှန်းတမ်းကို ရေးဆွဲထားကြောင်း Ms Pike က ထပ်လောင်း ပြောကြားခဲ့သည်။

MCS Oxford International (Bangkok) ကို လာမည့် ၂၀၂၈ ပညာသင်နှစ်တွင် စတင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး ကမ္ဘာ့အဆင့်မီပညာရေးကို ရှာဖွေနေသည့် မိသားစုများအတွက် ဒီဇိုင်းထုတ်ထားသော ကျောင်းသစ်ဖြစ်သည်ဟု သိရသည်။

Source - Bangkok Post

International News Read 10 times