ယူကေတွင် ဆရာအသစ် ၆,၅၀၀ ခန့်အပ်မှုက ဆရာမလုံလောက်မှုကို ဖြေရှင်းနိုင်မလား?

အလုပ်သမားပါတီ၏ ဆရာ၊ ဆရာမအသစ် (၆,၅၀၀) ခန့်အပ်မည့် ကတိကဝတ်သည် ဆရာမလုံလောက်မှု ပြသနာကို အပြည့်အ၀ ဖြေရှင်းနိုင်မည်မဟုတ်ဟု ပြည်သူ့အသုံးစရိတ်စောင့်ကြည့်ရေးအဖွဲ့ဖြစ်သည့် (National Audit Office-NAO) က ဆိုသည်။

ကျောင်းသားဦးရေ ဆက်လက်တိုးမြင့်လာသည်နှင့်အမျှ အထက်တန်းကျောင်းများနှင့် ကောလိပ်များတွင် ဆရာ၊ ဆရာမ လိုအပ်ချက် တိုးလာကြောင်း အမျိုးသားစာရင်းစစ်ရုံး (NAO) က ပြောသည်။

NAO သည် ဧပြီ (၃၀) တွင် ထုတ်ပြန်သော အစီရင်ခံစာအရ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အင်္ဂလန်နိုင်ငံရှိ အစိုးရ အထက်တန်းကျောင်းများတွင် ဆရာအသစ် (၈,၇၀၀) အလုပ်စလုပ်ခဲ့ရာ ၂၀၁၀-၂၀၂၁ စာသင်နှစ်နောက်ပိုင်း အနည်းဆုံး အရေအတွက်ဖြစ်ကြောင်း ဆိုသည်။

ပညာရေးဌာန (DfE) သည် တက္ကသိုလ်ဘွဲ့ရများကို အထက်တန်းကျောင်းဆရာများအဖြစ် လေ့ကျင့်ပေးရန် အခက်တွေ့နေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ DfE သည် ပြီးခဲ့သော (၁၀) နှစ်အတွင်းမှာ (၉) နှစ်က အထက်တန်းကျောင်းဆရာများဖြစ်ရန် သတ်မှတ်ထားသော ဘွဲ့ရသင်တန်းသားအသစ်အရေအတွက် မရရှိခဲ့ကြောင်း သိရသည်။  

DfE သည် ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း အထက်တန်းကျောင်းများနှင့် အသက်မွေးဝမ်းကျောင်းကောလိပ်များတွင် ဆရာမလုံလောက်မှုကို ကိုင်တွယ်ဖြေရှင်းရေး စီမံချက်တွင် ပေါင်သန်း (၇၀၀) သုံးစွဲခဲ့ကြောင်း NAO က ဖော်ပြထားသည်။

သို့သော် ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း အထက်တန်းကျောင်းများတွင် ဆရာ (၁,၅၀၀) နှင့် ယာယီဆရာ (၁,၇၀၀) ခန့်အပ်ထားပြီး နောက်ထပ် Further Education နှင့် Sixth-form ကောလိပ်တို့တွင် ဆရာ (၂,၅၀၀) ခန့်သာ ရှိသည်။

လူဦးရေဆိုင်ရာ ဖိအားများနှင့် ကိုက်ညီရန်အတွက် ဖော်ပြပါကောလိပ်များသည် ၂၀၂၈-၂၀၂၉ ခုနှစ်တွင် နောက်ထပ် ဆရာ (၈,၄၀၀) နှင့် (၁၂,၄၀၀) ကြား လိုအပ်မည်ဟု DfE မှ ခန့်မှန်းထားသည်။

စောင့်ကြည့်ရေးအဖွဲ့သည် အစိုးရအား ၎င်း၏ ဆရာအသစ် (၆,၅၀၀) ခန့်အပ်မှုအား အကောင်အထည်ဖော်မည့် အစီအစဉ်များကို ထုတ်ပြန်ရန်နှင့် အင်္ဂလန်နိုင်ငံတစ်ဝှမ်းရှိ ဆရာဖြစ်သင်တန်းများပေးပြီး အစိုးရကျောင်းများတွင် အလုပ်လုပ်ကိုင်ရန် တွန်အားပေးနိုင်သည့် အချက်များကို ထည့်သွင်းစဉ်းစားရန် တောင်းဆိုထားသည်။

“၂၀၂၄ ခုနှစ် ဇူလိုင်လမှာ အစိုးရက လက်ရှိလွှတ်တော်ကာလအတွင်း ဆရာဆရာမ ၆,၅၀၀ ထပ်မံခေါ်ယူမယ်လို့ ကတိပြုခဲ့ပေမယ့် လက်ရှိနဲ့ နောက်ပိုင်းဖြစ်လာမယ့် ဆရာမလုံလောက်မှုကို အပြည့်အဝ ဖြေရှင်းပေးနိုင်မလားဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။" ဟု NAO က ဆိုသည်။

"ပညာရေးဌာန (DfE) သည် လာမည့် နှစ်ရှည်အသုံးစရိတ်ပြန်လည်သုံးသပ်ချက်တွင် နောက်ထပ် ဆရာအယောက် (၆,၅၀၀) ကို မည်သို့မည်ပုံ ခန့်အပ်မည် (သို့) ထိုပန်းတိုင်သို့ တိုးတက်မှုရှိမရှိ ပုံမှန်စစ်ဆေးမည်ကို ရှင်းရှင်းလင်းလင်း မဖော်ပြထားသေးပါ။" ဟု NAO က ထပ်လောင်းပြောကြားသည်။

မနေ့က ပညာရေးဌာန (DfE) သည် ၂၀၂၅-၂၀၂၆ စာသင်နှစ်အတွက် ဘွဲ့ရများကို ဆရာအဖြစ် လေ့ကျင့်သင်ကြားပေးရေး စီမံကိန်းအတွက် လူဦးရေအရေအတွက်အသစ်ကို ချမှတ်ခဲ့သည်။ လက်ရှိ ဆရာ၊ ဆရာမများအား အလုပ်တွင် ဆက်ရှိနေမည်ဟု မျှော်လင့်ထားသောကြောင့် အဆိုပါပစ်မှတ်ထားသည့် အရေအတွက်သည် ယခင်ကထက် လျှော့ချထားသည်။

DfE မှ  ရေရှည်ဘတ်ဂျက်ရေးဆွဲခြင်းလုပ်ငန်းစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သော ဆရာအသစ် (၆,၅၀၀) ကို ခန့်အပ်မည့် အစီအစဉ်ကို ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

NAO ၏အကြီးအကဲ Gareth Davies က "DfE သည် ဤအရာကို ပညာရေးစနစ် ပြသနာတစ်ခုအဖြစ် ကြည့်ရှုရန်နှင့် ပညာရေးလုပ်သားအင်အားကို မြှင့်တင်ရန်၊ ရန်ပုံငွေများကို ထိထိရောက်ရောက်ခွဲဝေပေးပြီး ကလေးများနှင့် လူငယ်များအားလုံး အကောင်းဆုံး ရလဒ်များရရှိစေရန် ဆက်လက်ကြိုးပမ်းရမည်"ဟု ဆိုသည်။

Commons Public Accounts Committee ၏ ဥက္ကဌ Sir Geoffrey Clifton-Brown က "DfE သည် အစိုးရ၏ ကတိကဝတ်များကို ဖြည့်ဆည်းခြင်းသည် “စိန်ခေါ်မှု” ဖြစ်လိမ့်မည်၊ လုပ်နိုင်မည်ဆိုလျှင်တောင် ကျောင်းသားဦးရေ တိုးလာနေသည့်ကြားက တနိုင်ငံလုံးအတိုင်းအတာနှင့် ဆရာဆရာမ ရှားပါးမှုကို ဖြေရှင်းရန် လုံလောက်မှု မရှိသေးဘူး” ဟု ၎င်းက ဆိုသည်။

ထို့အပြင် "ဆရာခန့်အပ်မှုတွင်လည်း အရည်အသွေးမြင့် ဆရာများကိုသာ စိစစ်ရွေးချယ်ခန့်အပ်ရန် အရေးကြီးပြီး ရွေးချယ်မှု မှားယွင်းခဲ့လျှင် လူငယ်များအတွက် ပညာရေးနှင့် ဘဝအလားအလာကို အမှန်တကယ် ထိခိုက်နိုင်သည်" ဟုလည်း ထောက်ပြခဲံသည်။

ပညာရေးအတွင်းဝန် Bridget Phillipson မှ DfE သည် ယမန်နှစ်နှင့် နှိုင်းယှဉ်ပါက ယခုနှစ်တွင် အထက်တန်းကျောင်းအတွက် သင်တန်းသား ၂,၀၀၀ ထပ်မံခေါ်ယူခြင်းကဲ့သို့သော စုဆောင်းရေးအစီအစဉ်များဖြင့် တိုးတက်မှု ပြသနေပြီဟု ပြောကြားခဲ့သည်။ 

ယင်းတွင် သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနှင့် သင်္ချာ (STEM) ဘာသာရပ်များအတွက် သင်တန်းသား (၂၅)% တိုးလာကြောင်း သူမက ထပ်လောင်း ပြောကြားခဲ့သည်။

Phillipson က "ယမန်နှစ်က ဆရာ၊ဆရာမ လစာအား (၅.၅)% တိုးပေးခဲ့ပြီး သင်ကြားရေးအလုပ်ကို လေစားဖွယ်ကောင်းပြီး လူစိတ်ဝင်စားသော အလုပ်တစ်ခုအဖြစ် မြင်လာစေရန် ကြိးစားသွားမည်" ဟု ပြောကြားခဲ့သည်။

Source - TES Magazine

International News Read 16 times