Sales Hotline : 09448001653    



တောင်ကိုရီးယားတွင် ပြည်ပကျောင်းသား ၃ သိန်း ရရှိနေစေရန် မူဝါဒအသစ် ချမှတ်

တောင်ကိုရီးယားတွင် ပြည်ပကျောင်းသား ၃ သိန်း ရရှိနေစေရန် မူဝါဒအသစ် ချမှတ်

 


ပြည်ပကျောင်းသား ၃၀၀,၀၀၀ ကို ဆွဲဆောင်ရန် ရည်ရွယ်သည့် ငါးနှစ်စီမံကိန်းကို တောင်ကိုရီးယား ပညာရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့(ဩဂုတ် ၁၆)တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
မူဝါဒအသစ်သည် တောင်ကိုရီးယားတွင် ကလေးမွေားဖွားနှုန်း ကျဆင်းသဖြင့် ကျောင်းနေအရွယ် လူဦးရေ လျင်မြန်စွာ ကျဆင်းနေသည်ကို ပြည်ပကျောင်းသား ဦးရေဖြင့် ဖြည့်တင်းပေးရန် ရည်ရွယ်ထားသည်။
တက္ကသိုလ်များတွင် ဝင်ခွင့် လျှောက်ထားသူဦးရေ လျော့ကျနေခြင်းကိုလည်း ပြည်ပကျောင်းသား ဦးရေဖြင့် ဖြည့်တင်းမည် ဖြစ်သည်။

 

ဖြေလျော့မှုများ

ကိုရီးယားတက္ကသိုလ်များတွင် ကျောင်းအပ်ရန်အတွက် နိုင်ငံခြားကျောင်းသားများကို ပိုမိုဆွဲဆောင်နိုင်ရန် ပညာရေးဝန်ကြီးဌာနသည် နိုင်ငံတကာပညာရေးအရည်အသွေး အာမခံချက် စနစ် International Education Quality Assurance System ကို ဖြေလျော့ပေးမည် ဖြစ်သည်။ 
၎င်းစနစ်အရ လိုအပ်ချက် တစ်ချက်မှာ တက္ကသိုလ် ပထမနှစ် တက်ရောက်မည့် ပြည်ပကျောင်းသားသည် Test of Proficiency in Korean (TOPIK) သည် level 2 သို့မဟုတ် level 3 အောင်ထားသူ ဖြစ်ဖို့ လိုအပ်သည်။ 
ကိုရီးယား ဘာသာစကားနှင့် ယဉ်ကျေးမှု တတ်သိမှုကို အလေးပေးထားခြင်းအား လျှော့ချမည်ဖြစ်ရာ ၎င်းအချက်ကို ဖြေလျော့မည်။ ထို့ပြင်  TOPIK စာမေးပွဲကို အွန်လိုင်း ဖြေဆိုနိုင်အောင် စီစဉ်ပေးမည်။ ကိုရီးယား ဘာသာစကားကို ပြည်ပကျောင်းသားမျာအား သင်ပြပေးရန် ပညာရေးဝန်ကြီးဌာနသည် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်မည်။

ကလေးမွေးဖွားနှုန်း ကျဆင်းသဖြင့် ပညာသင်သူ ဦးရေ လျော့ကျခြင်း၊ လုပ်သားအင်အားစုတွင် မလုံလောက်ခြင်း၊ သက်မွေးပညာရှင်များ ပြည်ပ ထွက်ခွာပြီး လုပ်ကိုင်ခြင်းတို့ကြောင့် လိုအပ်နေသည့် လူဉီးရေကို သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာ ဘာသာရပ်များ အထူးပြု သင်ယူထားသည့် ပြည်ပကျောင်းသားများဖြင့် ဖြည့်တင်းမည်။ အဆင့်မြင့် နည်းပညာလုပ်ငန်းကဏ္ဍတွင် အလုပ်ခန့်ထားမည် ဖြစ်သည်။

 

ပညာသင်ဆုများ

ပြည်ပကျောင်းသားများအတွက် ပညာသင်ဆု အစီအစဉ်ကို Global Korea Scholarship အစီအစဉ်ဖြင့် ဆောင်ရွက်မည်။ ၂၀၂၇ ခုနှစ်တွင် ပြည်ပကျောင်းသား ဦးရေ ၂,၇၀၀ တို့ အင်ဂျင်နီယာ ပညာရပ်နယ်ပယ်တွင် မဟာဘွဲ့နှင့် ပါရဂူဘွဲ့ သင်တန်းများ တက်ရောက်ရန် ငွေကြေးထောက်ပံ့ပေးမည်။ 
သိပ္ပံမဟုတ်သော ဘာသာရပ်များ သင်ယူမည့် ပြည်ပကျောင်းသား ဦးရေ ၆,၀၀၀ ကိုလည်း ပညာသင်ဆုများ ပေးအပ်မည်။

ကျွမ်းကျင်မှု မြင့်မားပြီး ပင်ကိုအရည်အချင်း ရှိသူများကို တောင်ကိုရီးယားသို့ ရောက်ရှိလာစေရန် တောင်ကိုရီးယားနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြင့်မားသော နိုင်ငံများမှ ကျောင်းသားများအတွက် နိုင်ငံတော် ပညာသင်ဆုများ တိုးချဲ့ပေးအပ်သွားမည်။
၎င်းနိုင်ငံများတွင် လေကြောင်းနှင့် ကာကွယ်ရေး လုပ်ငန်းကဏ္ဍများ ပူးပေါင်း လုပ်ဆောင်နေသည့် ပိုလန်နိုင်ငံ၊ အဏုမြူစွမ်းအင်ကဏ္ဍ ပူးပေါင်း လုပ်ဆောင်နေသည့် ယူအေအီးတို့ ပါဝင်သည်။

လက်ရှိတွင် ပြည်ပကျောင်းသား ခွဲတမ်းတွင် တရုတ်၊ ဗီယက်နမ်နှင့် ဥဇဘက်ကစ္စတန်တို့က ၆၈% အထိ နေရာယူထားကြသည်။

 

ဗီဇာ လွယ်ကူမြန်ဆန်စေရေး

ဗီဇာ လွယ်ကူမြန်ဆန်စေရန် ပညာရေးဝန်ကြီးဌာနသည် တရားရေး ဝန်ကြီးဌာနနှင့် ပူးပေါင်း လုပ်ဆောင်မည်။

 

ဂျပန်နည်းတူ လုပ်ဆောင်ရန်

ပညာရေးဝန်ကြီး Lee Ju-ho က ဂျပန်နိုင်ငံသည် ၂၀၃၃ ခုနှစ်မတိုင်ခင် ပြည်ပကျောင်းသား ၄ သိန်း ရရှိရန် လျာထားကြောင်း၊ တောင်ကိုရီးယားသည်လည်း အလားတူပင် မဟာဗျူဟာ ကျင့်သုံးပြီး ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ပြည်ပကျောင်းသား ပိုများလာ

တောင်ကိုရီးယားတွင် ပြည်ပကျောင်းသားဦးရေ တိုးလာနေသည်။

  • ၂၀၂၀ ပြည့်နှစ်တွင် ၁၅၃,၆၉၅ ဦး၊
  • ၂၀၂၁ ခုနှစ်တွင် ၁၅၂,၂၈၁ ဦး၊
  • ၂၀၂၂ ခုနှစ်တွင် ၁၆၆,၈၉၂ ဦး ရှိသည်။

ကိုဗစ်ကပ်ရောဂါကာလ ဖြစ်သော်လည်း ပိုများလာခဲ့သည်။
ယင်းတို့အနက် နှစ်စဉ် ၃၀,၀၀၀ နီးပါးသည် ကိုရီးယား တက္ကသိုလ်များမှ ဘွဲ့ရရှိခဲ့ကြသည်။

 

ဘွဲ့ရ အလုပ်ခန့်ခြင်း

တောင်ကိုရီးယားသည် ပြည်ပကျောင်းသားများကို ဘွဲ့ရပြီးသွားသောအခါ အမြဲတမ်း နေထိုင်ခွင့် မပေးချေ။ အလုပ်လည်း လုပ်ခွင့် မပေးချေ။ ကုမ္ပဏီများကလည်း အလုပ်မခန့်ကြချေ။ သို့ဖြစ်ရာ ဆက်လက်နေထိုင်ခွင့် မရရှိသဖြင့် ကိုရီးယားမှ ထွက်ခွာကြရသည်။
 
မူဝါဒအသစ်တွင် သိပ္ပံနှင့်နည်းပညာတွင် မဟာဘွဲ့ သို့မဟုတ် ပါရဂူဘွဲ့ ရရှိထားသော ကျောင်းသားများသည် အမြဲတမ်းနေထိုင်ခွင့် permanent resident  PR ကို ရရှိနိုင်ပါသည်။
ယခင်က PR ဖြင့် အနည်းဆုံး ၆ နှစ် နေထိုင်ပြီးမှ နိုင်ငံသား လျှောက်ခွင့်ပေးသည်။ ယခု မူအသစ်တွင် ၃ နှစ်ဖြင့် နိုင်ငံသား လျှောက်ခွင့်ပေးမည်။

ဘွဲ့လွန် အလုပ်အစီအစဉ်ဖြင့် သိပ္ပံနှင့် နည်းပညာ ကျောင်းသားများသည် အလတ်စားကုမ္ပဏီများတွင် လုပ်ငန်းခွင် အတွေ့အကြုံများ ရယူနိုင်ရန် အလုပ်ဝင်လုပ်ဖို့ ပညာရေး ဝန်ကြီးဌာနက စီစဉ်ပေးမည်။

 

အလုပ်လုပ်ခွင့် နာရီ

 ကျောင်းသား ဗီဇာ D-2 ဗီဇာ ကိုင်ဆောင်ထားသူများသည် တပတ်လျှင် နာရီ ၄၀ အထိ အလုပ်လုပ်ခွင့်ရမည်။ ယခင်က တပတ်လျှင် ၂၅ နာရီထက် ပိုပြီး အလုပ်လုပ်ခွင့် မရှိချေ။ 
 ပြည်ပကျောင်းသားများသည် အချိန်ပိုင်း အလုပ်ကို တပတ်လျှင် နာရီ ၃၀ အထိ လုပ်ခွင့် ရရှိမည်။

 

ဘာသာစကား

အင်္ဂလိပ်စကားပြောနိုင်ငံများမှ  အရည်အချင်း ရှိသူများ တက္ကသိုလ်တက်ရောက်နိုင်ရန် ပညာရေးဝန်ကြီးဌာနမှ တက္ကသိုလ်များတွင် အင်္ဂလိပ်ဘာသာစကားဖြင့် ပို့ချသည့် အတန်းများ တိုးချဲ့ပေးမည်။ လက်ရှိတွင် အားလုံးနီးပါးကို ကိုရီးယား ဘာသာစကားဖြင့်သာ ပို့ချလျက်ရှိသည်။


အသုံးစရိတ်

ပြည်ပကျောင်းသားများ ဘွဲ့ကြိုသင်တန်းများကို တက္ကသိုလ်များတွင် သင်ယူရန်အတွက် အထောက်အပံ့များအတွက် ပညာရေးဝန်ကြီးဌာနက ဝမ် ၈၀.၇ ဘီလီယံ သုံးစွဲရန် လျာထားသည်။

Source  The Korea Herald/asia News Network
 

International International News Read 1010 times