၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၁) ရက်နေ့မှ စပြီး TOEFL စာမေးပွဲပုံစံကို ပြောင်းလဲတော့မှာဖြစ်ကြောင်း TOEFL ရဲ့ စာစစ်ဌာန Educational Testing Service (ETS) က ကြေညာထားပါတယ်။
TOEFL iBT® စာမေးပွဲကို ယနေ့ခေတ် ကျောင်းသားတွေအနေနဲ့ အင်္ဂလိပ်ဘာသာစကားကို ခေတ်မီပညာရေးမှာ ထိထိရောက်ရောက် အသုံးပြုနိုင်ဖို့ ရည်ရွယ်ပြီး ပြင်ဆင်ခဲ့တယ်လို့ သိရပါတယ်။
စာမေးပွဲပုံစံကို အောက်ပါအတိုင်း အဓိက အပိုင်း (၃) ပိုင်းခွဲပြီး ပြောင်းလဲ ပြင်ဆင်ထားပါတယ် -
(၁) လိုက်လျောညီထွေရှိတဲ့ မေးခွန်း - လိုက်လျောညီထွေရှိတဲ့ စာမေးပွဲ အတွေ့အကြုံ ရရှိစေဖို့ မေးခွန်းတွေကို ကျောင်းသားတွေရဲ့ စွမ်းရည်ပေါ် မူတည်ပြီး အလွယ်/အခက် ပြင်ဆင်ပေးထားပါတယ်။ ကျောင်းသားတစ်ဦးချင်းစီအတွက် ကိုယ်ပိုင် စာမေးပွဲအတွေ့အကြုံ ရရှိစေမယ့်အပြင် သူတို့ရဲ့ စွမ်းရည်ကိုလည်း ပြသနိုင်ပါတယ်။
(၂) ခေတ်မီပြီး အသုံးဝင်တဲ့ အင်္ဂလိပ်စကား - အရင်တုန်းက TOEFL မှာ ဂရိဒဏ္ဍာရီ (သို့) ရှေးဟောင်းသမိုင်းတို့လို အကြောင်းအရာတွေကို ထည့်သွင်းထားပါတယ်။ အခုကတော့ ကျောင်းသားတွေအတွက် အဆင့်မြင့်ပညာရေးမှာ လက်တွေ့အသုံးချနိုင်မယ့် အကြောင်းအရာတွေကိုပဲ ထည့်သွင်းမေးမြန်းသွားမှာဖြစ်ပါတယ်။
(၃) အမှတ်ပေးစည်းမျဉ်း - နိုင်ငံတကာကျောင်းသားတွေရဲ့ အင်္ဂလိပ်စာ Level ကို တိုင်းတာနိုင်တဲ့ Common European Framework of Reference for Languages (CEFR) နဲ့ ပိုမို လိုက်လျောညီထွေဖြစ်အောင် အမှတ်တွေကို အနည်းဆုံး (1) မှ အများဆုံး (6) အထိ ပြင်ဆင် သတ်မှတ်ထားပါတယ်။

မေးခွန်းပုံစံနဲ့ အချိန်သတ်မှတ်ချက်
အရင်တုန်းကအတိုင်းပဲ TOEFL မှာ Reading၊ Writing၊ Speaking နဲ့ Listening ဆိုပြီး ဘာသာစကားစွမ်းရည် (၄) မျိုးကို ဖြေဆိုရမှာ ဖြစ်ပါတယ်။ အပိုင်းတစ်ပိုင်းစီမှာ ဖြေဆိုရမယ့် မေးခွန်းအရေအတွက်က အနည်းငယ် ပိုများလာတာ တွေ့ရပြီး ဖြေဆိုချိန်ကတော့ အရင်ကထက် နည်းသွားပါတယ်။ အရင်တုန်းက စာမေးပွဲဖြေဆိုချိန် (၂) နာရီကနေ အခုက (၁) နာရီခွဲပဲ ရှိပြီး အသေးစိတ်ကို အောက်ပါ ဇယားမှာ ကြည့်ရှုနိုင်ပါတယ်။
Reading နဲ့ Listening မေးခွန်းအရေအတွက်က ဖြေဆိုသူတစ်ဦးချင်းစီရဲ့ အစမ်းမေးခွန်းတွေ ရရှိမှုအပေါ် မူတည်ပြီး အပြောင်းအလဲ ရှိနိုင်ပါတယ်။ စာမေးပွဲဖြေဆိုသူအားလုံးက Reading (သို့) Listening ပိုင်းမှာ ဖြေဆိုသူရဲ့ စွမ်းရည်အလိုက် အကြိုအစမ်းမေးခွန်းတွေ လက်ခံ ဖြေဆိုရမှာပါ။
အကြိုအစမ်းမေးခွန်းတွေ ဖြေဆိုနိုင်မှုပေါ် မူတည်ပြီး မေးခွန်းပုံစံကို ကျောင်းသားတစ်ဦးချင်းစီအတွက် Adapt လုပ်ပေးမှာ ဖြစ်တာကြောင့် အခု အသစ် ပြောင်းလဲမယ့် မေးခွန်းပုံစံကို ETS က Adaptive Exam Format လို့ သုံးနှုန်းထားပါတယ်။
အသေးစိတ်ဖတ်ရှုရန် > https://www.ets.org/toefl/test-takers/ibt/about/content.html?version=after-jan-2026
==================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။