ဂျပန်နိုင်ငံတွင် ၂၀၂၆ ပညာသင်နှစ်မှ စပြီး အထက်တန်းပညာရေးတွင် အခမဲ့စနစ် လုပ်ဆောင်တော့မည်ဖြစ်ကြောင်း Liberal Democratic Party၊ Japan Innovation Party နှင့် Komeito ပါတီ (၃) ခုမှ သဘောတူညီချက် ရရှိခဲ့သည်။
အဆိုပါ မူဝါဒတွင် ပါတီဝင်များသည် လက်ရှိ ထောက်ပံ့ကြေး ယန်း (၃၉၆,၀၀၀) မှ ပုဂ္ဂလိကကျောင်းတွင် တက်ရောက်သည့် အထက်တန်း ကျောင်းသားတစ်ဦးအား တစ်နှစ်ကို ယန်း (၄၅၇,၀၀၀) တိုးပေးပြီး စာပေးစာယူ အထက်တန်း ကျောင်းသားတစ်ဦးအတွက် တစ်နှစ်ကို ယန်း (၃၃၇,၀၀၀) အထိ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
LDP မှ ပညာရေးဝန်ကြီးဟောင်း Masahiko Shibayama သည် "ဒါက သိပ်ကို အရေးကြီးတဲ့ သဘောတူညီချက် တစ်ခုပါ။ ကျောင်းသားတွေအနေနဲ့ စိတ်ပူပန်စရာမရှိဘဲ ကျောင်းတက်နိုင်ဖို့ ကျွန်တော်တို့က ကျောင်းတွေကိုလည်း ဒီပြောင်းလဲမှုနဲ့ ပတ်သက်ပြီး သေချာ အသိပေးမှာ ဖြစ်တယ်လို့" ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံတွင် အမြဲတမ်း နေထိုင်ခွင့်မရှိသော နိုင်ငံခြားကျောင်းသားများသာမက နိုင်ငံတကာကျောင်းများပါ အဆိုပါ အခမဲ့ ပညာရေးစနစ်တွင် အကျုံးဝင်မည် မဟုတ်ကြောင်း သိရသည်။ သို့သော် အခြားသော နည်းလမ်းဖြင့် ဘဏ္ဍာရေးအကူအညီ အစီအမံတစ်ရပ် လုပ်ဆောင်ပေးမည်ဟု ထည့်သွင်း ပြောကြားခဲ့သည်။
ယခုအစီအစဉ်သည် ပုဂ္ဂလိကကျောင်းများတွင် ကျောင်းစရိတ်များ သက်သာသွားမည်ဖြစ်သည့်အတွက် အစိုးရကျောင်းများတွင် ကျောင်းတက်ရောက်မှု လျော့နည်းသွားမည်ဟု မျှော်မှန်းထားသည်။
ထိုကျဆင်းမှုကို ဖြေရှင်းရန် အစိုးရသည် အစိုးရကျောင်းများအတွက် လိုအပ်ချက်များအား ပြည့်စုံစေရန် ထောက်ပံ့ပေးသင့်ပြီး ကျောင်းသားများအား ဆွဲဆောင်ရန် လိုအပ်သည်။
အစိုးရမှ ကျောင်းလခ ထောက်ပံ့ကြေး ပေးအပ်မည်ဖြစ်သည်ကို အခွင့်ကောင်းယူ၍ ပုဂ္ဂလိကကျောင်းများမှ ကျောင်းလခ တိုးတောင်းမည့် အခြေအနေ မဖြစ်စေရန် ဗဟိုအစိုးရ ဖွဲ့စည်းပြီး ပုဂ္ဂလိကကျောင်းများ၏ ကျောင်းလခငွေကြေး အချက်အလက်များကို အွန်လိုင်းမှ စောင့်ကြည့်နေမည်ဖြစ်ကြောင်း သိရသည်။
အခမဲ့ ပညာရေး အစီအစဉ်အတွက် အခွန်စနစ် ပြုပြင်ပြောင်းလဲမှု အပါအဝင် အခြားနည်းလမ်းများဖြင့် ရေရှည် ဘဏ္ဍာရေး အရင်းအမြစ် တည်တံ့ရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်းနှင့် ရှိပြီးသား ရန်ပုံငွေများထဲမှ အသုံးပြုခြင်းထက် သီးသန့်ရန်ပုံငွေ ထားရှိရန် လိုအပ်ကြောင်းလည်း သဘောတူညီချက် ရရှိခဲ့သည်။
Source - The Japan Times