(၇) လအတွင်း ဟောင်ကောင်တွင် တက္ကသိုလ်ဝင်ခွင့် လိမ်လည်မှုဖြစ်စဉ် ရာကျော်ရှိလာ

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လအထိ (၇) လအတွင်း ဟောင်ကောင်ရှိ တက္ကသိုလ်များတွင် ကျောင်းထောက်ခံစာအတုများဖြင့် ဝင်ခွင့်လျှောက်ထားသည့် လိမ်လည်မှုဖြစ်စဉ် (၁၂၆) ခုအထိ ရှိကြောင်း မြို့တော်ရဲတပ်ဖွဲ့မှ ထုတ်ဖော်ပြောကြားလာသည်။

အဆိုပါအရေအတွက်သည် ရဲတပ်ဖွဲ့ထံ တိုင်ကြားထားသည့် အမှူများသာဖြစ်ပြီး တက္ကသိုလ်၏ ဂုဏ်သိက္ခာထိခိုက်မည်စိုး၍ မတိုင်ကြားထားသည့် အမှုများလည်း ထပ်၍ ရှိနိုင်သေးသည်ဟု သိရသည်။ 

ဟောင်ကောင်တက္ကသိုလ် (HKU) မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက "HKU မှာ ဝင်ခွင့်အတွက် ပညာရေးဆိုင်ရာအထောက်အထား အတုများ တင်သွင်းသူများကို ယခုနှစ်တွင် ရာဂဏန်းအထိ တွေ့ရှိခဲ့ပါသည်" ဟု ထပ်လောင်း ပြောကြားခဲ့သည်။

အဆိုပါကျောင်းသားများတွင် တရုတ်ပြည်မကြီးမှ ကျောင်းသားများ အများဆုံးဖြစ်ပြီး လွန်ခဲ့သည့် (၂) နှစ်မှစ၍ ယခုလို ဖြစ်စဉ်များ ပိုများလာခဲ့သည်။

ပြီးခဲ့သောနှစ်တွင် တရုတ်ပြည်မကြီးမှ ကျောင်းသား (၃၀) ကျော်သည် HKU ၏ စီးပွားရေးကျောင်းတွင် ဝင်ခွင့်ရရန် စာရွက်စာတမ်းအတုများ အသုံးပြုခဲ့ရာ ဖမ်းဆီးခံခဲ့ရသည်။ 

တရုတ်ဟောင်ကောင်တက္ကသိုလ် (CUHK) ကလည်း တရုတ်ပြည်မကြီးမှ လျှောက်ထားသူအများစုသည် ယခုနှစ်လျှောက်လွှာတင်သည့်ကာလအတွင်း အထောက်အထားအတုများဖြင့် လျှောက်ထားသော လျှောက်လွှာပေါင်း ရာနှင့်ချီကို ပယ်ချခဲ့ရကြောင်း ပြောကြားခဲ့သည်။

ပညာရေးအထောက်အထားအတုများဖြင့် ကျောင်းဝင်ခွင့် လျှောက်ထားခြင်းများ များပြားလာသည့်အတွက် ဟောင်ကောင်ထိပ်တန်းတက္ကသိုလ်များသည် ပညာရေးတွင် ဆိုးကျိုးများဖြစ်လာမည်ကို စိုးရိမ်ပူပန်နေကြသည်။ 

ဟောင်ကောင်က အဆင်မြင့်ပညာရေးအတွက် ပညာရေးနယ်မြေကောင်းတစ်ခုအဖြစ် နိုင်ငံတကာက မြင်လာရန် ကြိုးပမ်းနေသည့် နိုင်ငံတစ်ခုလည်း ဖြစ်သည်။

ကမ္ဘာ့ထိပ်တန်း တက္ကသိုလ် (၁၀၀) စာရင်းတွင် ဟောင်ကောင်သည် တက္ကသိုလ်ငါးခုအထိ နေရာရထားသည့် ကမ္ဘာ့တစ်ခုတည်းသောမြို့ဖြစ်ပြီး ၎င်း၏အဆင့်သတ်မှတ်ခံရသော တက္ကသိုလ်များအားလုံးသည် ထိပ်တန်းအဆင့်တွင် ရှိနေကြသည်။

2026 QS World University Rankings အရ The University of Hong Kong (HKU) သည် အဆင့် (၁၁) ၊ The Chinese University of Hong Kong (CUHK) သည် အဆင့် (၃၂)၊ The Hong Kong University of Science and Technology (HKUST) သည် အဆင့် (၄၄)၊ Hong Kong Polytechnic University (PolyU) သည် အဆင့် (၅၄) နှင့် City University of Hong Kong (CityUHK) သည် အဆင့် (၆၃) တွင် ရပ်တည်နေသည်။ 

ဟောင်ကောင်တက္ကသိုလ်များသည် ကမ္ဘာ့အဆင့်သတ်မှတ်ချက်များ မြင့်မားသောကြောင့် တရုတ်ပြည်မကြီးမှ ကျောင်းသားအများအပြား ဟောင်ကောင်တက္ကသိုလ်များသို့ လျှောက်ထားကြရာတွင် အချို့သော ကျောင်းသားများသည် မရိုးမသား ဝင်ရောက်ရန် ကြိုးစားကြပြီး အချို့သော တရုတ်ရှိ ပညာရေးအေးဂျင့်များသည်လည်း စာရွက်စာတမ်း အတုများ လုပ်ပေးခြင်းဖြင့် ကူညီပေးကြသည်။

ဤပြဿနာကို ရပ်တန့်ရန်အတွက် ဟောင်ကောင်၏ လွတ်လပ်သော အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် (ICAC) သည် ဇန်နဝါရီနှင့် အောက်တိုဘာလတွင် လေ့ကျင့်ရေး အလုပ်ရုံဆွေးနွေးပွဲများကို ပြုလုပ်ခဲ့သည်။ ကျောင်းဝင်ခွင့်လျှောက်လွှာများတွင် လိမ်လည်မှုများကို မည်သို့ တားဆီးရမည်ကို တက္ကသိုလ်ဝန်ထမ်း (၄၀) ခန့်ကို လေ့ကျင့်သင်ကြားပေးခဲ့သည်။

၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ဟောင်ကောင်အစိုးရသည် ပုဂ္ဂလိကတက္ကသိုလ်များတွင် နိုင်ငံတကာကျောင်းသား (၅၀%) အထိ လက်ခံရန် စီစဉ်ထားသည်။ ဟောင်ကောင်တွင် ပညာလာသင်ကြသည့် နိုင်ငံတကာကျောင်းသားများ၏ (၉၀%) သည် တရုတ်ပြည်မကြီးမှ ဖြစ်ကြောင်း သိရသည်။ သို့ဖြစ်ပါ၍ တရုတ်ပြည်မမှ ကျောင်းသားများ တိုးလာသည်နှင့်အမျှ ပညာရေးအထောက်အထားအတုဖြင့် ကျောင်းဝင်ခွင့် လိမ်လည်မှုများ များလာမည်ကို ပူပန်နေကြသည်။

ဟောင်ကောင်ထိပ်တန်းတက္ကသိုလ်များဖြစ်သည့် HKU နှင့် HKPolyU သည် လျှောက်ထားသူများ၏ အရည်အချင်းများနှင့် တင်ပြထားသော စာရွက်စာတမ်းများကို အလေးအနက် စိစစ်ရန် ဝင်ခွင့်လျှောက်လွှာစနစ်တွင် ဉာဏ်ရည်တု (AI) နည်းပညာကို ပေါင်းစပ်ရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။ 

Source - University World News

International News Latest Post Read 24 times