ယခင်က အမေရိကန်၊ လန်ဒန်၊ ကနေဒါ၊ ဩစတေးလျနှင့် ဥရောပနိုင်ငံတို့သာလျှင် ပညာသင်ကြားရန် ရွေးချယ်စရာ နိုင်ငံဖြစ်ခဲ့သော်လည်း ယခုအခါတွင် အာရှနှင့် အရှေ့အလယ်ပိုင်းဒေသရှိ နိုင်ငံများသည် ကမ္ဘာတစ်ဝှမ်းရှိ ကျောင်းသားများ၊ ပညာရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများအတွက် ဆွဲဆောင်မှုရှိသော ပညာရေးနိုင်ငံများ ဖြစ်လာသည်။
British Council နှင့် Studyportals တို့မှ ၂၀၂၅ ခုနှစ် အစီရင်ခံစာအရ နိုင်ငံတကာကျောင်းသား/ကျောင်းသူ အများအပြားသည် ကုန်ကျစရိတ်သက်သာခြင်း၊ အင်္ဂလိပ်ဘာသာစကားဖြင့် သင်ကြားသော ပရိုဂရမ်များ များပြားခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း ကောင်းမွန်ခြင်းတို့ကြောင့် အာရှနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများတွင် ပညာသင်ကြားရန် ရွေးချယ်လာကြသည်။
၎င်းတို့၏ အစီရင်ခံစာအရ တရုတ်၊ ဂျပန်၊ မလေးရှား၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် အိန္ဒိယစသည့် အာရှနိုင်ငံများမှ အဆင့်မြင့်တက္ကသိုလ် (၆၀၀) တွင် အင်္ဂလိပ်ဘာသာစကားဖြင့် သင်ကြားသော ပရိုဂရမ်ပေါင်း (၂၀,၀၀၀) ကျော် ရွေးချယ်စရာရှိကြောင်း သိရသည်။
Middle East and North Africa (MENA) ဒေသများထဲမှ ယူအေအီးနှင့် ဆော်ဒီသည် ပညာသင်ဆုများ၊ အခြားနိုင်ငံများနှင့် ချိတ်ဆက်သင်ကြားသည့် ပညာရေးပရိုဂရမ်များ၊ နိုင်ငံခြားကျောင်းခွဲများ ဖွင့်လှစ်မှုနှင့် အွန်လိုင်းသင်ကြားရေးများတွင် ပိုမို ရင်းနှီးမြှပ်နှံလာကြပြီး နိုင်ငံတကာကျောင်းသားများအား ဆွဲဆောင်လာကြသည်။
Studyportals ၏ စီအီးအို Edwin van Rest က "အာရှနှင့် အရှေ့အလယ်ပိုင်းဒေသသည် ယခင်က ကျောင်းသားများကို နိုင်ငံခြားသို့ စေလွှတ်ပြီး ပညာသင်ကြားစေခဲ့ရာ ယခုတွင် ၎င်းတို့၏ ကျောင်းသားများကို နိုင်ငံအတွင်းမှာပဲ ပညာသင်ကြားစေသည့်အပြင် အခြားနိုင်ငံက ကျောင်းသားများကိုလည်း ဆွဲဆောင်လာနိုင်သည်" ဟု ပြောကြားခဲ့သည်။
အာရှနိုင်ငံများအတွင်း နိုင်ငံတကာမှ ကျောင်းခွဲများ ဖွင့်လှစ်ထားရှိခြင်း၊ နိုင်ငံတကာကျောင်းများနှင့် Joint Degree များ ပေးအပ်ခြင်း၊ အွန်လိုင်းသင်ကြားခြင်း၊ အင်္ဂလိပ်ဘာသာစကားဖြင့် သင်ကြားသော ပရိုဂရမ်များ ပေးဆောင်ခြင်းတို့ကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာကြသည်။
ထိုနည်းတူ အရှေ့အလယ်ပိုင်းနှင့် အာဖရိကမြောက်ပိုင်း (MENA) ဒေသများသည် အဆိုပါကဏ္ဍများတွင် ယခင်ကထက် ပိုမို ပါဝင်လာသော်လည်း အာရှနိုင်ငံများလောက် မလုပ်ဆောင်နိုင်သေးကြောင်း သိရသည်။
ကျောင်းသားများသည် စီးပွားရေးဖိအားများ၊ ဗီဇာကန့်သတ်ချက်များနှင့် အလုပ်အကိုင်ရရှိနိုင်မှုအပေါ် မူတည်၍ အာရှနိုင်ငံများအား ပိုမို ရွေးချယ်လာသောကြောင့် အနောက်နိုင်ငံများအတွက် စိန်ခေါ်မှုဖြစ်လာသည်။
ကျောင်းသားများသည် ပညာသင်ကြားရန် နိုင်ငံတစ်နိုင်ငံ ရွေးချယ်ရာတွင် ငွေကြေးတတ်နိုင်မှု၊ လိုက်လျောညီထွေရှိမှုနှင့် အလုပ်အကိုင်အခွင့်အလမ်း ရရှိနိုင်မှုကို ဦးစားပေးပြီး စဉ်းစားရွေးချယ်ကြကြောင်း အစီရင်ခံစာမှတဆင့် သိရသည်။
အာရှ၊ လက်တင်အမေရိက၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိကမြောက်ပိုင်း ဒေသများအတွက် ပညာရေးစျေးကွက်ပြောင်းလဲမှု အစီရင်ခံစာကို အောက်ပါလင်ခ့်မှတဆင့် အသေးစိတ် ဖတ်ရှုနိုင်သည်။