ပုဂ္ဂလိကကျောင်းများကို ရန်ပုံငွေထောက်ပံ့ပြီး အခမဲ့ပညာရေးအား တိုးချဲ့လုပ်ဆောင်

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ၂၀၂၆ ခုနှစ်အတွင်း မြို့တော်တစ်ဝှမ်းရှိ ပုဂ္ဂလိကကျောင်းပေါင်း (၁၀၀) ကျော်ကို ရန်ပုံငွေထောက်ပံ့ပေးခြင်းဖြင့် အခမဲ့ပညာရေးအစီအစဉ်ကို တိုးချဲ့လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

ကျောင်းသားအားလုံး တန်းတူညီမျှစွာ ပညာသင်ကြားခွင့်ရရှိစေရေးအတွက် အစိုးရနှင့် ပုဂ္ဂလိက မူလတန်းကျောင်းနှစ်မျိုးလုံးတွင် အခမဲ့ပညာသင်ကြားခွင့်ပေးရန် ပြီးခဲ့သည့်နှစ် ဇူလိုင်လတွင် ကျောင်း (၄၀) အား ထောက်ပံ့ပေးပြီး ဤအစီအစဉ်ကို စတင်မိတ်ဆက်ခဲ့ခြင်းဖြစ်ပါသည်။

သို့သော် ကျောင်းပြင်ပရောက်ကလေးဦးရေ မြင့်မားနေဆဲဖြစ်သောကြောင့် ယခုနှစ်တွင် မြို့တော်တစ်ဝှမ်းရှိ ပုဂ္ဂလိကကျောင်းပေါင်း (၁၀၀) ကျော်ကို ရန်ပုံငွေထောက်ပံ့ပေးခြင်းဖြင့် ၎င်းတို့၏ အခမဲ့ပုဂ္ဂလိကကျောင်း အစီအစဉ်ကို တိုးချဲ့ဆောင်ရွက်လျက်ရှိသည်။

ယခုနှစ်အတွင်း အထူးပညာရေးကျောင်း (၁၇) ကျောင်း၊ မူလတန်းကျောင်း (၂) ကျောင်း၊ အလယ်တန်းကျောင်း (၄၁) ကျောင်း၊ အထက်တန်းကျောင်း (၁၄) ကျောင်းနှင့် အသက်မွေးဝမ်းကျောင်းကျောင်း (၂၉) ကျောင်း အပါအဝင် စုစုပေါင်း ပုဂ္ဂလိကကျောင်း (၁၀၃) ကျောင်းအတွက် ရူပီးယား ၂၅၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၄.၅ သန်း) ပံ့ပိုးပေးရန် မြို့တော်အစိုးရက လျာထားသည်။ 

သို့သော်လည်း ဗဟိုအစိုးရအနေဖြင့် အဆိုပါ ဆုံးဖြတ်ချက်ကို အတည်ပြုထားခြင်း မရှိသေးသောကြောင့် ဘတ်ဂျက်ခွင့်ပြုမည်ဆိုပါက ထောက်ပံ့ပေးမည့် ပုဂ္ဂလိကကျောင်းအရေအတွက်ကို ထပ်မံတိုးချဲ့ရန် အခွင့်အလမ်းရှိကြောင်းလည်း ဂျကာတာအုပ်ချုပ်ရေးမှူး Pramono Anung က ထုတ်ဖော်ပြောကြားခဲ့ပါသည်။

အခြေခံပညာဦးစီးဌာန၏ နောက်ဆုံးရရှိသော အချက်အလက်များအရ ဂျကာတာမြို့တွင် ကျောင်းပြင်ပရောက်ကလေးဦးရေမှာ ၉၈,၀၉၃ ဦးရှိပြီး ထိုအရေအတွက်တွင် ကျောင်းတစ်ခါမှမတက်ဖူးသောကလေး ၄၇,၅၆၇ ဦး၊ ကျောင်းထွက်သူ ၃၀,၅၅၁ ဦးနှင့် အထက်တန်းပြီးသော်လည်း တက္ကသိုလ်ဆက်မတက်သူ ၁၉,၉၇၅ ဦး ပါဝင်ပါသည်။

လက်ရှိတွင် အစိုးရကျောင်းများသည် ဂျကာတာမြို၏ ပညာရေးလိုအပ်ချက်အား (၄၀) မှ (၆၀) ရာခိုင်နှုန်းခန့်ကိုသာ လက်ခံနိုင်သဖြင့် ထောက်ပံ့ပေးမည့် ပုဂ္ဂလိကကျောင်းအရေအတွက်ကို (၂၀၀) ခန့်အထိ တိုးမြှင့်ရန် ကော်မရှင်က ထပ်မံ အဆိုတင်သွင်းထားသည်။

Source - Asia News Network

International News Read 16 times