Sales Hotline : 09448001653       Download App



တောင်ကိုရီးယားမှာ နိုင်ငံတကာကျောင်းသားများ အလုပ်ရှာရ လွယ်ကူရန် စီစဉ်ပေး

 

တောင်ကိုရီးယားအစိုးရသည် နိုင်ငံအတွင်း နိုင်ငံတကာကျောင်းသားများ အလာများစေရန်အတွက် ပညာသင်ဆုများပေးအပ်ပြီး ကျောင်းပြီးပါက အလုပ်အကိုင်အခွင့်အလမ်းများ လွယ်ကူစွာရရှိနိုင်ရန် ဗီဇာဖြေလျှော့ပေးမှုများနှင့် အလုပ်ရွေးချယ်ခွင့်များကို တိုးချဲ့ရန် စီစဉ်လျက်ရှိကြောင်း သိရပါသည်။ 

 

ကိုရီးယားတက္ကသိုလ်ပညာရေးကောင်စီ (Korean Council for University Education - KCUE) မှ ဥက္ကဋ္ဌပေါင်း ၁၃၀ ၏ အဆိုအရ နိုင်ငံတကာ ကျောင်းသားသစ်များ ခေါ်ယူမှုသည် တက္ကသိုလ်များအတွက် တတိယဦးစားပေးဖြစ်ပြီး အစိုးရထံမှ ငွေကြေးပံ့ပိုးမှုကြောင့် ရရှိလာသည့် နိုင်ငံတကာကျောင်းသားများမှာ ၇၁.၈ ရာခိုင်နှုန်းရှိပြီး ပြည်တွင်းကျောင်းသားများမှာ ၅၉.၅ ရာခိုင်နှုန်းသာ ရှိကြောင်း သိရပါသည်။ 

 

နိုင်ငံတကာကျောင်းသားများခေါ်ယူမှုအစီအစဉ်တွင် ကျောင်းသားများကို ဆွဲဆောင်နိုင်ရန် အစိုးရဘက်မှ ပညာသင်ဆုများအတွက် ငွေကြေးပံ့ပိုးမှု ပိုမိုရရှိရန်နှင့် ပိုမိုကောင်းမွန်သောစနစ်များ လိုအပ်ကြောင်း KCUE မှ ပြောကြားခဲ့သည်။

 

တောင်ကိုရီးယားနိုင်ငံသည် ကမ္ဘာပေါ်တွင် ကလေးမွေးဖွားနှုန်း အနိမ့်ဆုံးနိုင်ငံဖြစ်သောကြောင့် နှစ်စဉ်ပြည်တွင်း ကျောင်းသားဦးရေနည်းပါးပါသည်။ ကျောင်းများသည် ပြည်တွင်းကျောင်းသားဦးရေ အကန့်အသတ်ပမာဏကိုသာ ကျောင်းအပ်လက်ခံရသောကြောင့် နိုင်ငံတကာကျောင်းသားများ အထူးလိုအပ်ပါသည်။ ထို့ကြောင့် ဒေသတွင်း ကျောင်းသားများ ပိုမိုများပြားလာစေရန်အတွက် တောင်ကိုရီးယားရှိ တက္ကသိုလ်များသည် နိုင်ငံတကာကျောင်းသားများကို ဦးစားပေးခေါ်ယူနေကြကြောင်း သိရပါသည်။  

 

“ဘဏ္ဍာရေး ဖိအားတွေကို ရင်ဆိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းက ငွေကြေးထောက်ပံ့ရေးတွေ များများရရှိဖို့ ဒါမှမဟုတ် ကျောင်းသားသစ် အရေအတွက် တိုးလာဖို့ပါပဲ၊ ဒါပေမယ့် ကျဆင်းနေတဲ့ ကျောင်းနေအရွယ် လူဦးရေအခြေအနေကြောင့် တစ်ခုတည်းသော နည်းလမ်းက ပြည်ပမှ ကျောင်းသားတွေကို ဆွဲဆောင်ဖို့ လိုပါတယ်" ဟု အမျိူးသားတက္ကသိုလ်၏ ဥက္ကဋ္ဌမှ KCUE ဖိုရမ်တွင် ပြောကြားခဲ့ပါသည်။ 

 

KCUE ၏အဆိုအရ ကျောင်းအပ်ခြင်းဆိုင်ရာ အချက်အလက်များကို ကြည့်ခြင်းဖြင့် နိုင်ငံတကာကျောင်းသားများသည် ဆိုးလ်မြို့တော်ဧရိယာအတွင်းမှ တက္ကသိုလ်များကိုသာ အလွန်အမင်း စိတ်ဝင်စားနေကြောင်း သိရပါသည်။ ၂၀၂၃ ခုနှစ်တွင် တောင်ကိုရီးယားရှိ နိုင်ငံတကာကျောင်းသားအများဆုံးရှိသည့် တက္ကသိုလ်ခြောက်ခုသည် ဆိုးလ်မြို့၌သာဖြစ်ကြောင်း အဆိုပါအသင်းမှ ပြောကြားခဲ့သည်။

 

Hanyang တက္ကသိုလ်တွင် နိုင်ငံတကာ ကျောင်းသားဦးရေအများဆုံးဖြင့် (၆,၆၁၂) ဦး ဝင်ခွင့်စာရင်းသွင်းထားပြီး Kyung Hee University တွင် (၆,၃၉၅) ဦး၊ Sungkyunkwan University တွင် (၅,၄၇၂) ဦး၊ Yonsei University တွင် (၄,၉၆၅) ဦးနှင့် Chung-Ang University တွင် (၄,၄၈၀) ဦးတို့ အသီးသီးရှိကြပါသည်။ 

 

KCUE အသင်း၏ အကြီးတန်း သုတေသနပညာရှင် Oh Ye-jin မှ Korea Times ကို "နိုင်ငံခြား ကျောင်းသားတွေကို ဆွဲဆောင်ဖို့ ကြိုးပမ်းရာမှာ အစိုးရအနေနဲ့ ထူးချွန်တဲ့ နိုင်ငံတကာ ကျောင်းသားတွေအတွက် ဒေသဆိုင်ရာကွဲပြားမှုတွေ မရှိအောင် တက္ကသိုလ်များများ ရွေးချယ်ခွင့်ပေးဖို့ အသေးစိတ်ကျတဲ့ ပညာသင်ဆုစနစ်ကို ထူထောင်သင့်တယ်။" ဟု ၎င်း၏ ယူဆချက်ကို ပြောကြားခဲ့သည်။  

 

တစ်ချိန်တည်းမှာပင် အစိုးရအနေဖြင့် နိုင်ငံတကာ ကျောင်းသားကျောင်းသူများကို နိုင်ငံတွင်း လုပ်သားရှားပါးမှု ဖြည့်တင်းရေး အစီအမံ တစ်စိတ်တစ်ပိုင်းအနေဖြင့် နိုင်ငံတွင်း၌ နေထိုင်အလုပ်လုပ်ကိုင်ရေး လွယ်ကူစေရန် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။

 

အစိုးရမူဝါဒညှိနှိုင်းရေးရုံးမှ နိုင်ငံအတွင်း ဘွဲ့ရပြီးသော နိုင်ငံတကာကျောင်းသားများကို E-9 ပရော်ဖက်ရှင်နယ်မဟုတ်သော အလုပ်ဗီဇာများ လျှောက်ထားခွင့်ပြုရန် စီစဉ်နေကြောင်း သိရသည်။ လက်ရှိတွင် E-9 ဗီဇာသည် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၆ နိုင်ငံမှ နိုင်ငံသားများသာ လျှောက်ထားနိုင်ကြောင်း သိရပါသည်။ 

 

လက်ရှိစည်းမျဉ်းများအရ နိုင်ငံတကာကျောင်းသားများသည် ဘွဲ့ရပြီးနောက် D-10 အလုပ်ရှာဖွေရေးဗီဇာကို လျှောက်ထားနိုင်ပြီး အထူးအလုပ်အကိုင်များအတွက် E-7 ဗီဇာကဲ့သို့သော အလုပ်ဗီဇာသို့ ပြောင်းလဲ လျှောက်ထားနိုင်ပါသည်။

 

အစိုးရသည် D-10 ဗီဇာ၏ အများဆုံးကာလကို နှစ်နှစ်မှ သုံးနှစ်အထိ တိုးမြှင့်ရန် အဆိုပြုထားပါသည်။ ကိုရီးယားအစိုးရသည် နိုင်ငံတွင်းလုပ်သားရှားပါးမှုကို လျှော့ချရန် နိုင်ငံတကာကျောင်းသားများအတွက် ဗီဇာဖြေလျှော့ပေးနေခြင်းဖြစ်သည်။ 

 

အဆိုပါလုပ်ဆောင်ချက်များမှာ ၂၀၂၃ ခုနှစ်တွင် ကြေညာခဲ့သည့် နိုင်ငံတကာ ကျောင်းသားပေါင်း (၃) သိန်း ရရှိရမည့် ပရောဂျက်ကို အကောင်အထည်ဖော်ဆောင်နိုင်ရန်အတွက် တောင်ကိုရီးယားအစိုးရသည် ဘဏ္ဍာရေးလိုအပ်ချက်များ လျှော့ချခြင်း အပါအဝင်  STEM ဘွဲ့ရများအတွက် နေထိုင်ခွင့်၊ ပညာသင်ဆုများ၊ အချိန်ပိုင်းအလုပ်အကိုင်အခွင့်အလမ်းများ တိုးမြှင့်ပေးရေးတို့ကို စီစဉ်ဆောင်ရွက်နေကြောင်း သိရပါသည်။  

 

Source - StudyTravelNetwork

International News Read 37 times