ယူကေအစိုးရ၏ ဗီဇာတင်းကျပ်မှု စည်းမျဉ်းအသစ်များကြောင့် နိုင်ငံတကာကျောင်းသား အရေအတွက် သိသိသာသာ လျော့နည်းသွားပြီး ယူကေတက္ကသိုလ်အများအပြား ငွေကြေးအကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။
အထူးသဖြင့် ပြည်တွင်းကျောင်းသားများထံမှ ရရှိသော ကျောင်းလခထက် နိုင်ငံတကာကျောင်းသားများ၏ မြင့်မားသော ကျောင်းလခအပေါ် အဓိကအားထားနေရသည့် တက္ကသိုလ်များတွင် ဤပြဿနာ ပိုမိုဆိုးရွားနေပါသည်။
ဘဏ္ဍာရေးဆိုင်ရာ ဖိအားများအပြင် နိုင်ငံတကာကျောင်းသား အရေအတွက် လျော့ကျလာခြင်းကြောင့် ဖြစ်ပေါ်လာမည့် အခြားသော နောက်ဆက်တွဲဆိုးကျိုးများကိုလည်း အထူးအလေးထား သတိပြုသင့်ကြောင်း British Council ကြားကာလပညာရေးညွှန်ကြားရေးမှူး Catriona McCarthy က ထောက်ပြခဲ့သည်။
နိုင်ငံတကာကျောင်းသားများသည် ငွေကြေးပိုင်းဆိုင်ရာ အကျိုးအမြတ်တစ်ခုတည်းအတွက်သာမက ယူကေနိုင်ငံအတွက် ရေရှည်တည်တံ့မည့် ကမ္ဘာ့ဆက်ဆံရေး၊ ယုံကြည်မှုနှင့် ယဉ်ကျေးမှုဖလှယ်မှုဆိုင်ရာ တန်ဖိုးများကိုပါ ယူဆောင်ပေးနိုင်ကြောင်း သူမက ဆိုသည်။
နော်တင်ဟမ်တက္ကသိုလ်မှ အမေရိကန်စာပေ ပါမောက္ခတစ်ဦး Graham Thompson ကလည်း တက္ကသိုလ်အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတကာ ကျောင်းလခဝင်ငွေအပေါ် အလွန်အမင်း မှီခိုအားထားနေခဲ့ကြပြီး ယခုအခြေအနေအတွက် ကြိုတင်မပြင်ဆင်ခဲ့ကြသောကြောင့် အဆင့်မြင့်ပညာရေး ဝန်ထမ်းများ အလုပ်ပြုတ်မည့်အရေးကို ရင်ဆိုင်နေရသည်ဟု ပြောကြားခဲ့သည်။
ဗီဇာတင်းကျပ်မှုများကြောင့် ယူကေတက္ကသိုလ်အများအပြားသည် ဆိုးရွားသော ငွေကြေးအကြပ်အတည်းနှင့် ရင်ဆိုင်နေရပြီး ဝန်ထမ်များ ရာနှင့်ချီ လျှော့ချခြင်းနှင့် ဘာသာရပ်သင်တန်းအချို့ ပိတ်သိမ်းရခြင်းများအထိ ဖြစ်ပွားနေပါသည်။
Source - The Guardian၊ CNA