၂၀၂၆ ခုနှစ် ကမ္ဘာ့အစိုးရများထိပ်သီးအစည်းအဝေးတွင် ရူဘယ်နာဂီဆိုသူ အိန္ဒိယဆရာမတစ်ဦးသည် နိုင်ငံအတွင်း သင်ကြားရေးစင်တာများ ရာချီ ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် ဒေါ်လာ (၁) သန်းတန် ကမ္ဘာ့အကောင်းဆုံးဆရာဆုကို ရရှိခဲ့သည်။
ကမ္ဘာ့အစိုးရများထိပ်သီးအစည်းအဝေးကို ၂၀၁၃ ခုနှစ်မှ စ၍ နှစ်စဉ် ဒူဘိုင်းမြို့တွင် ကျင်းပခဲ့ပြီး ကမ္ဘာ့အကောင်းဆုံးဆရာဆုကိုလည်း ၂၀၁၅ ခုနှစ်မှ စတင် ပေးအပ်ခဲ့ရာ ရူဘယ်နာဂီက (၁၀) ယောက်မြောက် ဆုရရှိသူဖြစ်သည်။
သူမသည် "ရူဘယ်နာဂီအနုပညာဖောင်ဒေးရှင်း" ကို တည်ထောင်ထားသူဖြစ်ပြီး အိန္ဒိယနိုင်ငံတစ်ဝှမ်း သင်ကြားရေးစင်တာပေါင်း (၈၀၀) ကျော်ကို ဖွင့်လှစ်ပေးခဲ့သည်။
ဤစင်တာများသည် ကျောင်းမတက်ဖူးသော ကလေးများအား စနစ်တကျ ပညာသင်ပေးနိုင်ရန်နှင့် ကျောင်းတက်နေသည့်ကလေးများကိုလည်း လိုအပ်သည့် ဖြည့်စွက်ပညာရေး ပေးဆောင်ရန် ရည်ရွယ်ပါသည်။
ထို့အပြင် သူမသည် စာတတ်မြောက်ရေး၊ သိပ္ပံ၊ သင်္ချာနှင့် သမိုင်း အစရှိသည့် ဘာသာရပ်များအပေါ် အခြေခံ၍ ပညာရေးဆိုင်ရာ နံရံဆေးရေးပန်းချီများကိုလည်း ဖန်တီးခဲ့သည်။
ကလေးတိုင်း ကျောင်းတက်စေလိုသောဆန္ဒသည် သူမ၏ ငယ်ဘ၀ အိမ်မက်ဖြစ်ပြီး ဆုကို လက်ခံရရှိချိန်တွင် ရူဘယ်က အဆိုပါဆုသည် သူမနှင့် အိန္ဒိယနိုင်ငံတစ်ခုလုံးအတွက် ဂုဏ်ယူစရာဖြစ်ကြောင်း ပြောကြားခဲ့သည်။
လွန်ခဲ့သည့် (၂၄) နှစ်က ကလေးအယောက် (၃၀) သာရှိသော အလုပ်ရုံဆွေးနွေးပွဲလေးတစ်ခုမှ ခြေလှမ်းစခဲ့ရာ ယနေ့တွင် သူမ၏ ကြိုးစားအားထုတ်မှုကြောင့် ကလေးပေါင်း တစ်သန်းကျော်အား ပညာပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
သူမသည် ကမ္ဘာ့အကောင်းဆုံးဆရာဆုအဖြစ် ရရှိခဲ့သော ဒေါ်လာ (၁) သန်းကို အသက်မွေးဝမ်းကျောင်းသင်တန်းများ သင်ကြားပေးမည့် ကျောင်းတစ်ကျောင်း ဖွင့်လှစ်ရေးတွင် အသုံးပြုရန် စီစဉ်နေပြီဖြစ်သည်။
Source - NDTV