အိန္ဒိယတွင် သုံးတန်းမှ စပြီး AI ကို မဖြစ်မနေ သင်ကြားရမည်

လာမည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် အသက် (၈) နှစ်အရွယ် (၃) တန်းမှ စပြီး အခြေခံပညာကျောင်းသားများအားလုံး AI ဘာသာရပ်ကို မဖြစ်မနေ သင်ကြားရမည်ဖြစ်ကြောင်း အိန္ဒိယ ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

အိန္ဒိယ အစိုးရသင်ရိုးညွှန်းတမ်းတွင် AI (Artificial Intelligence) နှင့် CT (Computational Thinking) ဘာသာရပ် ပါဝင်လာခြင်းသည် အနာဂတ် အလုပ်အကိုင် အခွင့်အလမ်းတွင် ဦးဆောင်နေသည့် နည်းပညာပိုင်းအတွက် ကြိုတင် ပြင်ဆင်ထားခြင်းဖြစ်ကြောင်း သိရသည်။

AI နှင့် CT ဘာသာရပ်တို့ကို ပညာရေးဗဟိုဘုတ်အဖွဲ့က အမျိုးသားသင်ရိုးညွှန်းတမ်းဘောင် (NCF-SE) 2023 နှင့် အမျိုးသားပညာရေးမူဝါဒ NEP 2020 တို့ကို အခြေခံ ပြုစုထားပြီး ကျက်မှတ်ရသည်ထက် တွေးခေါ်မှု၊ ဖန်တီးမှုနှင့် နည်းပညာအသုံးပြုမှုကို အလေးပေးမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာအကုန်တွင် ကျောင်းသုံးဖတ်စာအုပ်များ၊ သင်ကြားရေးအရင်းအမြစ်များ၊ ဆရာလမ်းညွှန်များ၊ ဒစ်ဂျစ်တယ်ပစ္စည်းများ အဆင်သင့်ဖြစ်မည်ဖြစ်ပြီး ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် အသက် (၈) နှစ်မှ (၁၇) နှစ်အထိ ကျောင်းသားများ စတင် သင်ကြားရပါမည်။

၂၀၁၉ ခုနှစ်ကတည်းက အိန္ဒိယတွင် ဆရာ၊ ဆရာမပေါင်း (၁) သောင်းကျော်ကို နာမည်ကြီး နည်းပညာကုမ္ပဏီနှင့် အဖွဲ့အစည်းများဖြစ်သည် Intel၊ IBM နှင့် National Institute of Electronics and Information Technology (NIELIT) တို့သည် AI လေ့ကျင့်ရေးသင်တန်းများ သင်ကြားပေးခဲ့ကြသည်။

လက်ရှိကာလအထိ အစိုးရနှင့် ပုဂ္ဂလိကကျောင်းပေါင်း (၁၈,၀၀၀) ကျော်တွင် (၆) တန်းနှင့်အထက် ကျောင်းသားများသည် (၁၅) နာရီကြာ AI စွမ်းရည်သင်တန်းကို သင်ကြားရပြီး (၉) တန်းမှ (၁၂) တန်းအထိ ကျောင်းသားများအတွက် AI သည် ရွေးချယ်စရာ ဘာသာရပ်တစ်ခုအဖြစ် ရှိသည်။

ပညာရေးဝန်ကြီးဌာန၊ ကျောင်းပညာရေးနှင့် စာတတ်မြောက်ရေးဌာန အတွင်းရေးမှူး ဆန်ဂျေးကူမားက AI ပညာရေးကို ကမ္ဘာကြီးနှင့် ဆက်သွယ်ရန် မရှိမဖြစ် လိုအပ်သည့် အခြေခံကျွမ်းကျင်မှုတစ်ခုအဖြစ် ရှုမြင်သင့်ကြောင်း ပြောကြားခဲ့သည်။

တာဝန်ရှိသူများ၏ ပြောကြားချက်အရ သင်ရိုးညွှန်းတမ်းအသစ်သည် နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများကို သင်ကြားပေးရုံသာမက ကျောင်းသားများအား AI အသုံးပြုနည်းကို တာဝန်သိသိနှင့် တွေးခေါ်တတ်အောင် ကူညီပေးမည်ဖြစ်ပြီး တီထွင်ဖန်တီးနိုင်စွမ်းကိုလည်း အထောက်အကူပြုကြောင်း သိရသည်။

ဤပထမခြေလှမ်းသည် "AI သည် လူ့အဖွဲ့အစည်းအတွက် အကျိုးဝင်သည်" ဟုပြောသည့် အစိုးရ၏ စိတ်ကူးကို အကောင်းမြင်စေပြီး အိန္ဒိယသည် AI ပညာရေးတွင် ဖွံ့ဖြိုးဆဲနိုင်ငံများအနက် ခေါင်းဆောင်ဖြစ်လာရန် မျှော်မှန်းထားသည်။

Source - The Times of India , CoinGeek

International News Read 13 times