အိန္ဒိယတွင် ဆေးတက္ကသိုလ်ဝင်ခွင့်စာမေးပွဲအား ဖျက်သိမ်း

အိန္ဒိယတွင် ဆေးတက္ကသိုလ်ဝင်ခွင့်အတွက် အရေးကြီးသော စာမေးပွဲတစ်ခုကို မေးခွန်းပေါက်ကြားခဲ့သည့်အတွက် ဖျက်သိမ်းလိုက်ကြောင်း အမျိုးသားစာစစ်အေဂျင်စီ (NTA) က မေလ (၁၂) ရက်နေ့တွင် ကြေညာခဲ့သည်။

NEET-UG ဟု လူသိများသည့် အမျိုးသားအဆင့် ဆေးတက္ကသိုလ်ဝင်ခွင့် အရည်အချင်းစစ်စာမေးပွဲ (ဘွဲ့ကြို) ဟာ အိန္ဒိယနိုင်ငံမှာ ဆေးပညာသင်ကြားနိုင်ရန် အဓိက တံခါးပေါက်ဖြစ်ပြီး တစ်နိုင်ငံလုံးရှိ ဆေးတက္ကသိုလ်များကို တက်ရောက်နိုင်ရန် မဖြစ်မနေ ဖြေဆိုရမည့် စာမေးပွဲဖြစ်သည်။

မေလ (၃) ရက်နေ့က ထိုစာမေးပွဲအား အိန္ဒိယနိုင်ငံတစ်ဝှမ်းလုံးရှိ စာစစ်ဌာနပေါင်း (၅,၀၀၀) ကျော်တွင် ကျောင်းသား၊ ကျောင်းသူပေါင်း (၂.၂၈) သန်းနီးပါး ဝင်ရောက်ဖြေဆိုခဲ့ကြသည်ဟု သိရသည်။

သို့သော် ရက်ပိုင်းအတွင်းမှာပဲ မေးခွန်းပေါက်ကြားမှု သတင်းထွက်လာပြီး ကျောင်းသားများနှင့် မိဘများကြား ဒေါသတကြီး မကျေမနပ်ဖြစ်ခဲ့ကြရာ သီတင်းပတ်တစ်ခုလုံး ဆန္ဒပြမှုအခြေအနေများ မြင့်တက်လာခဲ့ပါသည်။

မေလ (၁၂) ရက်နေ့၊ အင်္ဂါနေ့တွင် စာမေးပွဲဦးစီးကျင်းပသည့် (NTA) က ၎င်းတို့ စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် လက်ရှိလုပ်ဆောင်နေဆဲ စုံစမ်းစစ်ဆေးမှုများအပေါ် အခြေခံပြီး မေလတွင် ကျင်းပခဲ့သည့် စာမေးပွဲလုပ်ငန်းစဉ်တစ်ခုလုံးကို အတည်မပြုပေးနိုင်၍ ဖျက်သိမ်းကြောင်း ကြေညာခဲ့သည်။

စာမေးပွဲပြန်လည်ဖြေဆိုရမည့် အကြောင်းတစ်စုံတစ်ရာ ထုတ်ပြန်ကြေညာခြင်းလည်း မရှိသေးသောကြောင့် တက္ကသိုလ်ဝင်ခွင့်လုပ်ငန်းစဉ်များ ကြန့်ကြာသွားနိုင်မည့်အပေါ် ကျောင်းသားများနှင့် မိဘများကြား စိုးရိမ်ပူပန်မှုများ တိုးပွားနေပါသည်။

အမျိုးသားစာစစ်အေဂျင်စီ (NTA) က ယခုလို စာမေးပွဲဖျက်သိမ်းရန် ဆုံးဖြတ်လိုက်ခြင်းဟာ ကျောင်းသားများ၏ နိုင်ငံတော်အဆင့် စာမေးပွဲစနစ်အပေါ် ထားရှိသည့် ယုံကြည်မှုကို အလေးအနက်ထား အသိအမှတ်ပြုသောကြောင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

သို့သော် အဆိုပါ ဝင်ခွင့်စာမေးပွဲအတွက် လနှင့်ချီပြီး အချို့ဆို နှစ်နှင့်ချီပြီ အချိန်ပေး ပြင်ဆင်ခဲ့ကြသည့် ဆရာဝန်ဖြစ်ချင်သော ကျောင်းသားပေါင်း သန်းချီအတွက်ကတော့ ဒီကြေညာချက်ဟာ စိတ်ပျက်အားလျော့ စိတ်နှလုံးထိခိုက်မှု ဖြစ်ခဲ့ရပါသည်။

International News Read 11 times