IGCSE ဆိုတာ နိုင်ငံတကာကျောင်းတွေမှာ အများဆုံး သင်ကြားပေးနေတဲ့ အထက်တန်းပညာရေးအစီအစဉ်တစ်ခု ဖြစ်ပါတယ်။ မြန်မာကျောင်းသားတော်တော်များများက IGCSE ပြီးသွားရင် ဘာဆက်တက်ရမလဲ၊ ဘယ်နိုင်ငံမှာ ကျောင်းလျှောက်လို့ရမလဲ၊ တက္ကသိုလ်ဝင်ခွင့်အတွက် ဘာတွေ ပြင်ဆင်ထားရမလဲဆိုတာကို သိချင်ကြပါတယ်။
ဒါကြောင့် ဒီဆောင်းပါးမှာ IGCSE ပြီးနောက် ရွေးချယ်နိုင်တဲ့ ပညာရေးလမ်းကြောင်းတွေအကြောင်း မျှဝေပေးလိုက်ပါတယ်။ IGCSE အကြာင်းအသေးစိတ်ကိုတော့ အောက်ကလင်ခ့်မှာ ဖတ်ရှုနိုင်ပါတယ်။
> https://www.edge.com.mm/article/-igcse.html
IGCSE ပြီးရင် ဘာဆက်တက်လို့ရလဲ?
IGCSE ဟာ အထက်တန်းအဆင့် (၁၀ တန်း၊ ၁၁ တန်း) ပညာရေးဖြစ်တာကြောင့် တက္ကသိုလ်ကို တိုက်ရိုက်တက်ရောက်လို့ မရသေးပါဘူး။ IGCSE ပြီးတဲ့ ကျောင်းသားတွေဟာ A-Level၊ Foundation Programme၊ IB Diploma Programme (IBDP) စတဲ့ (၁၂) တန်းပညာရေးနဲ့ ညီမျှတဲ့ ပရိုဂရမ်တွေကို ဆက်လက် တက်ရောက်ဖို့ လိုအပ်ပါတယ်။
A-Level
IGCSE ပြီးရင် လူသိအများဆုံးနဲ့ တက္ကသိုလ်တွေအားလုံးက လက်ခံထားတဲ့ လမ်းကြောင်းကတော့ A-Level ဖြစ်ပါတယ်။ A-Level ကို ပုံမှန်အားဖြင့် (၂) နှစ်ခန့် သင်ယူရပြီး UK၊ US၊ Europe နဲ့ ကမ္ဘာတစ်ဝန်းရှိ တက္ကသိုလ်အများစုမှာ အသိအမှတ်ပြုထားပါတယ်။ Medicine၊ Engineering၊ Law လို ပြိုင်ဆိုင်မှုမြင့်တဲ့ ဘာသာရပ်တွေကို ရည်မှန်းထားတဲ့ ကျောင်းသားတွေအတွက် A-Level က အသင့်တော်ဆုံး လမ်းကြောင်းတစ်ခု ဖြစ်ပါတယ်။
Foundation Programme
တက္ကသိုလ်ကို အချိန်တိုအတွင်း ဝင်ရောက်ချင်တဲ့ ကျောင်းသားတွေအတွက် Foundation Programme က ရွေးချယ်စရာကောင်းတစ်ခု ဖြစ်ပါတယ်။ Foundation ကို တစ်နှစ်ခန့် သင်ယူပြီး သက်ဆိုင်ရာ တက္ကသိုလ်ရဲ့ ပထမနှစ်ကို ဆက်လက် တက်ရောက်နိုင်ပါတယ်။ တချို့ကျ IGCSE နဲ့ပဲ နိုင်ငံခြားတက္ကသိုလ်ကို လျှောက်ပြီး အဲ့ဒီတက္ကသိုလ်ရဲ့ Foundation Year ကနေ စပြီး တက်ပါတယ်။ တချို့ကျတော့ စရိတ်သက်သာချင်လို့ မြန်မာနိုင်ငံမှာ Foundation Programme ကို တက်သွားပြီးမှ နိုင်ငံခြားတက္ကသိုလ်ရဲ့ ပထမနှစ်ကို တန်းပြီး တက်ရောက်တာမျိုး ရှိပါတယ်။
IB Diploma Programme (IBDP)
ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်တွေကို ရည်မှန်းထားတဲ့ ကျောင်းသားတွေအတွက် IB Diploma Programme ဟာ ရွေးချယ်စရာကောင်းတစ်ခု ဖြစ်ပါတယ်။ IBDP က (၂) နှစ် သင်တန်းဖြစ်ပြီး စာသင်ရိုးပိုင်းသာမက သုတေသန၊ စာရေးသားမှုနဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းတွေကိုပါ အလေးထား သင်ကြားပေးပါတယ်။ Oxford၊ Cambridge၊ Harvard နဲ့ အခြားထိပ်တန်းတက္ကသိုလ်တွေက IB Diploma ကို အထူးအသိအမှတ်ပြုထားကြပါတယ်။
ADTP
ADTP (American Degree Transfer Program) ဆိုတာကတော့ IGCSE ပြီးထားသူတွေအတွက် A-Level အစား တက်ရောက်နိုင်တဲ့ (၂) နှစ်ပရိုဂရမ် ဖြစ်ပါတယ်။ သင်တန်းကာလအတွင်း သတ်မှတ်ထားတဲ့ ဘာသာရပ်တွေကို သင်ယူပြီး Credit စုစောင်းကာ အမေရိကန်၊ ကနေဒါ၊ ဩစတေးလျ သို့မဟုတ် အခြား Partner Universities တွေမှာ Credit Transfer လုပ်ပြီး တက္ကသိုလ် ဒုတိယနှစ် (သို့) တတိယနှစ်ကနေ ဆက်လက် တက်ရောက်နိုင်ပါတယ်။
နိုင်ငံနှင့် တက္ကသိုလ်ရွေးချယ်မှု
ယူကေ
IGCSE ဟာ ယူကေပညာရေးစနစ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တာကြောင့် ယူကေတက္ကသိုလ်တွေက IGCSE Results ကို ကျယ်ကျယ်ပြန့်ပြန့် လက်ခံကြပါတယ်။ ဒါပေမဲ့ IGCSE တစ်ခုတည်းနဲ့ တက္ကသိုလ်ဝင်ခွင့် မရနိုင်ဘဲ A-Level (သို့မဟုတ်) Foundation Programme (သို့) IBDP ကို ဆက်လက် တက်ရောက်ဖို့ လိုအပ်ပါတယ်။ Oxford University၊ Cambridge University၊ Imperial College London တို့လို တက္ကသိုလ်တွေက A-Level Results ကို အဓိကထား ကြည့်ပါတယ်။
အမေရိကန်
အမေရိကန်မှာတော့ ယူကေလို A-Level ကို မဖြစ်မနေ မတောင်းပါဘူး။ IGCSE ပြီးတဲ့ ကျောင်းသားတွေဟာ AP Courses၊ American High School Diploma၊ Foundation Program စတာတွေကို ဆက်တက်ပြီး တက္ကသိုလ် လျှောက်နိုင်ပါတယ်။ အမေရိကန်တက္ကသိုလ်တွေက Academic Results အပြင် Leadership၊ Community Service၊ Extracurricular Activities နဲ့ Personal Essay တွေကိုလည်း အလေးထားကြည့်ပါတယ်။
အာရှနိုင်ငံများ
မြန်မာကျောင်းသားတွေက နိုင်ငံခြားမှာ ကျောင်းတက်မယ်ဆိုရင် Cost effective ဖြစ်တဲ့ အာရှနိုင်ငံတွေကို ပိုပြီး စိတ်ဝင်စားကြပါတယ်။ အာရှတက္ကသိုလ်တွေမှာက IGCSE ပြီးထားရုံနဲ့ တက္ကသိုလ် တန်းလျှောက်လို့ရတာမျိုး ရှိပေမဲ့ ရှားပါတယ်။
ထိုင်း၊ မလေးရှားတို့မှာဆိုရင် IGCSE တစ်ခုတည်းဆို Foundation တက်ပြီး တက္ကသိုလ်ပထမနှစ် (သို့) Diploma Program တက်ပြီးမှ တက္ကသိုလ်ဒုတိယနှစ်ကို တက်ရောက်နိုင်တာမျိုး ရှိပါတယ်။ ပညာရေးအဆင့်အတန်းမြင့်မားတဲ့ စင်္ကာပူ၊ ဂျပန်နဲ့ ဟောင်ကောင်တို့က တက္ကသိုလ်တွေကတော့ IGCSE အပြင် A-Level (သို့) IBDP တို့လို Academic Result တွေ လိုအပ်ပါတယ်။
အကြံပြုချက်
IGCSE ပြီးသွားပြီဆိုရင်တော့ နိုင်ငံတကာမှာ ကိုယ်ကြိုက်တဲ့ တက္ကသိုလ်၊ ကိုယ်ကြိုက်တဲ့ မေဂျာကို ရွေးချယ်လျှောက်ထားချင်တယ်ဆိုရင် A-Level ပရိုဂရမ်ကို ပြင်ဆင်ထားပါ။ A-Level တက်ရောက်တော့မယ်ဆိုရင် ကိုယ်ဘယ်မေဂျာကို ရွေးမှာလဲအပေါ်မူတည်ပြီး ဘာသာရပ်ကို မှန်မှန်ကန်ကန် ရွေးချယ်နိုင်ဖို့ လိုအပ်ပါတယ်။ ဥပမာ - ဆေးတက္ကသိုလ်တက်မယ့်သူက A-Level မှာ Chemistry နဲ့ Biology တို့လို ဘာသာရပ်ကို မဖြစ်မနေ ရွေးချယ်ထားရပါမယ်။ တချို့ကျတော့ လွယ်လွယ်ကူကူနဲ့ (၁) နှစ်ပဲအချိန်ပေးရင် ရတဲ့ Foundation Program ကိုပဲ မြန်မာနိုင်ငံမှာ တက်ရောက်ပြီး Study Abroad လုပ်ကြတာမျိုး ရှိပါတယ်။ ကိုယ်ပေးနိုင်မယ့်အချိန်နဲ့ ဘတ်ဂျက်၊ တက်ရောက်ချင်တဲ့ တက္ကသိုလ်/မေဂျာပေါ် မူတည်ပြီး မှန်ကန်တဲ့ လမ်းကြောင်းကို ရွေးချယ်ပါ။
A-Level Grade များနှင့် တက္ကသိုလ်ဝင်ခွင့်
ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်တွေအတွက် A*A*A မှ AAA / AAB အတွင်း၊ အလယ်အလတ်တက္ကသိုလ်တွေကတော့ AAB မှ BBB / BBC အတွင်း ရထားရမှာဖြစ်ပြီး၊ ဝင်ခွင့်နိမ့်ကျောင်းတွေကတော့ CCC (သို့) CCD အထိ တက္ကသိုလ်ဝင်ခွင့် လက်ခံတာမျိုး ရှိပါတယ်။ ပညာသင်ဆုအတွက်ဆိုရင်တော့ A*A*A မှ AAA၊ AAB တို့လောက်ရှိထားဖို့ လိုအပ်ပါတယ်။
ပညာသင်ဆုပေးတဲ့ အဖွဲ့အစည်းတွေက A Level အမှတ်တစ်ခုတည်းကိုပဲ ကြည့်မှာမဟုတ်ဘဲ (အင်္ဂလိပ်စာ အရည်အချင်း) IELTS Score 6.5 မှ 7.0 အထက် ရှိထားဖို့၊ ကျောင်းတွင်း/ကျောင်းပြင်ပ လှုပ်ရှားမှုများ၊ လူမှုရေးလုပ်အားပေးလုပ်ငန်းများနဲ့ ဦးဆောင်နိုင်မှုစွမ်းရည် ပြသနိုင်တဲ့မှတ်တမ်းတွေ၊ မိမိ ဘာကြောင့် ဒီပညာသင်ဆုနဲ့ ထိုက်တန်ကြောင်း ရေးသားရတဲ့ Personal Statement/Essay တို့ကိုလည်း သေချာပြင်ဆင်ဖို့ အရေးကြီးပါတယ်။
မှတ်ချက်။ ။ "AAA၊ ABB၊ CCD" တို့ဆိုတာ A-Level ဘာသာရပ် (၃) ခုမှာ ရရှိထားတဲ့ အဆင့်သတ်မှတ်ချက်ကို ဆိုလိုပါတယ်။
===============================================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။