Sales Hotline : 09448001653       Download App



မိဘတိုင်း သိထားသင့်တဲ့ နိုင်ငံတကာ အသိအမှတ်ပြု IGCSE ပညာရေး

 

နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ IGCSE ပညာရေး လို့ ပြောလိုက်ရင် မိဘတော်တော်များများက စိတ်၀င်စားကြမှာပါ။ သင့်ကလေးရဲ့ ပညာရေးအတွက် အလယ်တန်းပြီးဆုံးပြီး အထက်တန်း တက်ရောက်ရမယ့် အချိန်မှာ ရွေးချယ်ရမယ့် ပညာရေးတွေထဲကမှ IGCSE ပညာရေးလမ်းကြောင်းဟာဆိုရင် အထူးကောင်းမွန်ပြီး မိဘတိုင်းအတွက် ရွေးချယ်သင့်တဲ့ ပညာရေးလမ်းကြောင်းများထဲကမှ တစ်ခုဆိုရင်လည်း မမှားပါဘူး။ ဒါကြောင့် ယခုတစ်ခါမှာတော့ မိဘတိုင်း သိထားသင့်တဲ့ IGCSE ပညာရေး အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။ 

 

  • IGCSE ဆိုတာ ဘာလဲ

International General Certificate of Secondary Education လို့ အဓိပ္ပါယ်ရတဲ့ IGCSE ပညာရေးဟာ ဆိုရင် English ဘာသာစကားကို အဓိကထားပြီး သင်ကြားပေးတဲ့ အင်္ဂလန်နိုင်ငံရဲ့ သင်ရိုးတစ်ခုပဲဖြစ်ပါတယ်။  နိုင်ငံတကာရဲ့ အထက်တန်း ပညာရေး နဲ့ ညီမျှတဲ့ International Qualification လက်မှတ်တစ်ခုပဲ ဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာဆိုရင်တော့ CIE (Cambridge International Examination) နှင့် Pearson Edexcel ဆိုပြီး Curriculum နှစ်ခုကို အသုံးပြုပြီး သင်ကြားပေးလျက်ရှိပါတယ်။ 

IGCSE မှာ အသက် ၁၄ နှစ် မှ ၁၆ နှစ်ကြား လျှောက်ထားသူများအတွက် ၂ နှစ်တာ သင်ရိုးအဖြစ် သင်ကြားရန် ဒီဇိုင်းရေးဆွဲ သတ်မှတ်ထားသော်လည်း တက်ရောက်သူများဆန္ဒရှိပါက မတူညီတဲ့ အချိန်အတိုင်းအတာ တစ်ခုနဲ့လည်း တက်ရောက်နိုင်ပါတယ်။ 

တစ်ချို့နိုင်ငံများမှာတော့ Cambridge IGCSE သင်ရိုးမှာ ၁ နှစ်သာ ကြာမြင့်ပြီး တရား၀င် အသက်အရွယ် ကန့်သတ်ထားခြင်း မရှိပါ။ ဘာသာရပ်အများစုမှာ ပင်မဘာသာရပ် နဲ့ ထပ်ဆောင်းဘာသာရပ်များကို စိတ်ကြိုက်ရွေးချယ်ခွင့် ရှိတာကြောင့် ကျောင်းသားအများစု အတွက် သင့်တော်ပါတယ်။ 

CIE ရော Pearson Edexcel ရောဟာဆိုရင် UK အခြေစိုက် နိုင်ငံတကာ အသိအမှတ်ပြု Exam Board တွေဖြစ်တဲ့အတွက် Curriculum နှစ်ခုလုံးအတွက် ဘာသာရပ် အခေါ်အဝေါ်အချို့ ၊ စာမေးပွဲဖြေဆိုချိန် အချိန်ဇယား ၊ စာမေးပွဲမေးခွန်း စသည်ဖြင့် အနည်းငယ်သာ ကွာခြားချက်ရှိပါတယ်။ 

IGCSE ကို လက်ရှိမှာ အထက်တန်းကျောင်းတက်ရောက်နေတဲ့ ကျောင်းသားတွေ အပြင် တက္ကသိုလ် တက်ရောက်နေသူများ ၊ ဘွဲ့လွန်တက်ရောက်နေသူများ နဲ့ လုပ်ငန်းခွင် ၀င်နေသူများပါ ဖြေဆိုနိုင်ပါတယ် ။ IGCSE ဖြေဆိုအောင်မြင်ပြီးပါကလည်း နိုင်ငံခြား တက္ကသိုလ်တွေမှာ ဆက်လက်တက်ရောက်နိုင်ပါတယ်။

 

  •  IGCSE က ဘယ်သူတွေအတွက် သင့်တော်လဲ

1. အခြေအနေ အကြောင်း အမျိုးမျိုးကြောင့် ပညာရေးကို တစ်ပိုင်းတစ်စနဲ့ ရပ်တန့်ထားရတဲ့သူများ

2. နိုင်ငံရပ်ခြားသို့ ကျောင်းသွားတက်ရန် ဆန္ဒရှိသူများ / ပြင်ဆင်နေသော သူများ

3. နိုင်ငံတကာမှ တရား၀င် အသိအမှတ်ပြုထားသော အထက်တန်းအဆင့် ပညာရေးလက်မှတ်တစ်ခုကိုင်ဆောင်ထားချင်သူများ

4. အကြောင်း အမျိုးမျိုးကြောင့် အစိုးရပညာရေးကို ဆက်လက်မတက်ရောက်ဖြစ်သူများ

IGCSE ကို တက်ရောက်သင့်ပါတယ်။

 

  •  IGCSE ရဲ့ စံ သတ်မှတ်ချက်များ

နိုင်ငံတကာ တက္ကသိုလ်အများစု၏ လက်ခံ သတ်မှတ်ထားသော စံနှုန်းများအရ  ကျောင်းသားများ အနေဖြင့် (English, Maths, Science) တို့ကို အဓိကထားပြီး အနည်းဆုံး ၅ မှ ၆ ဘာသာ ဖြေဆိုအောင်မြင်ရန် လိုအပ်ပြီး ဘာသာရပ် ၆ ခုထက်ပိုမို ဖြေဆိုထားပါကလည်း ထိပ်တန်း တက္ကသိုလ်များကို ရွေးချယ် တက်ရောက်ရာတွင် လည်းကောင်း ပညာသင်ဆု လျှောက်ထားရာတွင် လည်းကောင်း အကျိုးရှိစေပါတယ်။ 

သို့သော်လည်း ဖြေဆိုထားတဲ့ ဘာသာရပ်များတွင် ရလာဒ်ကောင်းဖို့လည်း လိုအပ်ပါတယ်။ ဘာသာရပ်အောင်မှတ်မှာ အနည်းဆုံး Grade C/Level 4 ရှိရပါမယ်။IGCSE စာမေးပွဲမှာတော့ ဘာသာစကားများ အပါအ၀င် ဘာသာရပ်ပေါင်း ၄၀ ကျော်ကို ရွေးချယ်ဖြေဆိုနိုင်ပါတယ်။ကိုယ်ဆက်သွားချင်တဲ့ တက္ကသိုလ်ရဲ့ Major အပေါ်မူတည်ပြီး ဘာသာရပ်များ သင့်တော်သလို ရွေးချယ်ယူခြင်းက ပိုပြီး အဆင်ပြေပါတယ်။ 

စာမေးပွဲဖြေဆိုရန်အတွက် ပြင်ဆင်ချိန်မှာတော့ အများဆုံး ၂ နှစ်မှ အနည်းဆုံး ၁ နှစ်ခွဲ ၊ ၁ နှစ်အထိ ကြာမြင့်နိုင်ပါတယ်။ အမှတ်ပေးစည်းမျဥ်းများမှာတော့ Grade Boundary အမှတ်များမှာ တစ်နှစ် နဲ့ တစ်နှစ် အနည်းငယ် ကွာခြားမှုတော့ ရှိနိုင်ပါတယ်။  

 

  • IGCSE ရဲ့ ဘာသာရပ်တွေက ဘာတွေလဲ

IGCSE တွင် Pre_IGCSE နဲ့ IGCSE ဆိုပြီး ၂ မျိုးရှိပါတယ်။ IGCSE အတွက်လိုအပ်တဲ့ အခြေခံသဘောတရား နဲ့ လေ့လာသင်ယူစရာတွေကို Pre-IGCSE Class မှာ တက်ရောက်သင်ကြားနိုင်ပြီး Pre-IGCSE ကို ဖြေဆိုအောင်မြင်ပြီးမှသာ IGCSE ကို ဆက်လက်တက်ရောက်ရမှာပဲဖြစ်ပါတယ်။ လက်ရှိမြန်မာနိုင်ငံတွင် သင်ကြားလို့ရတဲ့ IGCSE ဘာသာရပ်များကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်

 

  • English as a Second Language (ESL)

  • Additional Mathematics 

  • Core & Extended Mathematics

  • Business Studies

  • Physics 

  • Chemistry

  • Biology

  • Human Biology

  • Computer Studies

  • Economics

  • Accounting

  • Information & Communication Technology (ICT)

  • Art & Design 

စတဲ့ဘာသာရပ်များပဲဖြစ်ပါတယ်။

 

  • ဘာသာရပ်တွေကို ဘယ်လိုရွေးချယ်တက်ရောက်ကြမလဲ

IGCSE ဘာသာရပ်များကို ရွေးချယ်တက်ရောက်မယ့် ကျောင်းသားများ အနေနဲ့ Compulsory Subjects, Language Subjects, Humanities Subjects & Arts Subjects ဆိုပြီးတော့ အပိုင်း (၄) ပိုင်းခွဲခြား သတ်မှတ်လို့ရပါတယ်။ ( English,Maths & Science ) ဘာသာရပ်များကတော့ Compulsory အနေနဲ့ မဖြစ်မနေ ရွေးချယ် သင်ယူရမှာ ဖြစ်ပြီး ကျန်ဘာသာရပ်များ အနေနဲ့ကတော့ အထက်တွင် ဖော်ပြထားသော ဘာသာရပ်များထဲကမှ ကိုယ်ရွေးချယ်မယ့် လမ်းကြောင်း / တက္ကသိုလ် အပေါ်မူတည်ပြီး ရွေးချယ်သင်ယူနိုင်ပါတယ်။ 

 

  • IGCSE ကိုဘာလို့ တက်ရောက်သင့်တာလဲ

 

အခြေအနေအမျိုးမျိုးကြောင့် အထက်တန်းပညာရေးကို ဆုံးခန်းတိုင်အောင် မတက်ရောက်လိုက် ရတဲ့ သူတွေအတွက် IGCSE လက်မှတ်တစ်ခု ရှိနေခြင်းကိုက နိုင်ငံတကာမှ အသိအမှတ်ပြုထားတဲ့ အထက်တန်းကို အောင်မြင်ပြီးမြောက်ပြီလို့ မှတ်ယူနိုင်ပါတယ်။ အကယ်၍ ပြည်တွင်း အစိုးရ အထက်တန်းကျောင်း စာမေးပွဲကို အောင်မြင်ဖြေဆိုပြီးခါမှ ကိုယ်က အမှတ်မကောင်း၍သော်လည်းကောင်း၊ နိုင်ငံခြား တက္ကသိုလ်ကြီးတွေမှာ သွားရောက် သင်ယူလို၍သော် လည်းကောင်း IGCSE နဲ့ နောက်တစ်ခေါက် ထပ် Try ကြည့်လို့ရပါတယ်။ နိုင်ငံရပ်ခြားမှာ ရေရှည်အလုပ်လုပ်လိုသူတွေအတွက်လည်း လုပ်ငန်းရှင်အများစုက IGCSE လက်မှတ်ကို ပညာရေးရဲ့ မှတ်ကျောက်တစ်ခုအနေနဲ့ အရေးတယူ အသိအမှတ်ပြုပါတယ်။ 

 

ယခုဆိုရင်တော့ IGCSE နဲ့ ပတ်သက်တဲ့ အကြောင်းအရာ တော်တော်များများကို သိရှိခဲ့ပြီးပြီလို့ ထင်ပါတယ်။ ယခုအခါမှာလည်း မြန်မာနိုင်ငံတွင် IGCSE ကျောင်းများမှာ ရွေးချယ်စရာ များစွာရှိတာမို့ မိဘများအနေနဲ့ ကလေးငယ်ရဲ့ ပညာရေးအတွက် သင့်တော်တဲ့ လမ်းကြောင်းကို ရွေးချယ်နိုင်ဖို့ ဆန္ဒပြုလိုက်ရပါတယ်။ 

 

High Read 4189 times