အမေရိကန်ဝင်ခွင့်မရသော ဟားဗတ်ကျောင်းသားများကို တိုရွန်တိုတက္ကသိုလ်က လက်ခံမည်

ဟားဗတ်တက္ကသိုလ်နှင့် တိုရွန်တိုတက္ကသိုလ်တို့သည် ဇွန် (၂၆) ရက်တွင် ဟားဗတ်ရှိ ဘွဲ့လွန်ကျောင်းသားများကို တိုရွန်တိုတက္ကသိုလ်တွင် ဆက်လက်ပညာသင်ကြားခွင့်ပြုမည့် သဘောတူညီချက်ကို ထုတ်ဖော်ပြောကြားခဲ့သည်။

ဟားဗတ်တက္ကသိုလ်သည် နိုင်ငံတကာကျောင်းသားများအား ဖယ်ရှားရန် ပြီးခဲ့သည့်လက အမေရိကန်ပြည်တွင်းလုံခြုံရေးဌာနမှ အမိန့်ရရှိပြီးနောက် နိုင်ငံတကာကျောင်းသားများအတွက် အရန်အစီအစဉ်ကို ပထမဆုံး ပြုလုပ်ပေးခြင်းဖြစ်သည်။

ဖြစ်လာနိုင်ချေရှိသော ဗီဇာအခက်အခဲများကို ဖြေရှင်းနိုင်ရန် Harvard Kennedy School တွင် တက်ရောက်လက်စဖြစ်သော နိုင်ငံတကာကျောင်းသားများသည် အမေရိကန်သို့ ပြန်ဝင်လာရန် အခက်အခဲရှိပါက ကနေဒါရှိ တိုရွန်တိုတက္ကသိုလ်က Munk School of Global Affairs and Public Policy ကျောင်းတွင် ဆက်လက်ပညာသင်ကြားခွင့်ရနိုင်မည်ဖြစ်သည်။

ကျောင်းသားတက်ရောက်နေဆဲဖြစ်သော Public Policy (ပြည်သူ့မူဝါဒ) မာစတာပရိုဂရမ်ကို Kennedy နှင့် Munk School တို့က ပူးပေါင်းပြီး သင်ကြားပေးမည်ဖြစ်သည်ကို ကျောင်းနှစ်ကျောင်း၏ ဌာနမှူးများက ကြေညာချက်တွင် ထည့်သွင်းပြောကြားခဲ့သည်။

ကျောင်းသားများ၏ ဗီဇာအခက်အခဲကြောင့် အရေးပေါ်အစီအစဉ်ကို ထုတ်ပြန်ကြေညာထားသော်လည်း အမေရိကန်သို့ ပြန်မဝင်ရောက်နိုင်သော ကျောင်းသားများ အရေအတွက် အလုံအလောက်ရှိမှသာ အကောင်အထည်ဖော်မည်ဖြစ်ကြောင်း သိရသည်။

HKS ဌာနမှူး Jeremy Weinstein သည် "ဒီနှစ်မှာ ကျွန်တော်တို့ ကျောင်းဝင်းထဲ မရောက်လာနိုင်ဘူးဆိုရင်တောင် ကျွန်တော်တို့ ကျောင်းသားတွေအားလုံးကို ကမ္ဘာ့အဆင့်မီ Public Policy ပညာရေးကို ဆက်လက်ပံ့ပိုးပေးပါမယ်" ဟု ပြောကြားခဲ့သည်။

အဆိုပါအစီအစဉ်ကို Kennedy တွင် တစ်နှစ်ပြီးဆုံးအောင် တက်ရောက်ပြီးသည့် နိုင်ငံတကာကျောင်းသားများသာ ခံစားခွင့်ရှိမည်ဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သည့်ငါးနှစ်ကာလအတွင်း Kennedy ကျောင်းမှ ကျောင်းသား (၅၂%) သည် အမေရိကန်ပြင်ပမှ နိုင်ငံတကာကျောင်းသားများဖြစ်သည်ဟု ကျောင်း၏မီဒီယာဌာနက ဖော်ပြထားသည်။ 

ယခုလက်ရှိ အဆိုပါကျောင်းတွင် နိုင်ငံပေါင်း (၉၂) နိုင်ငံမှ ကျောင်းသား (၇၃၉) ဦးသည် Public Policy ပိုင်းတက်ရောက်ရန် စာရင်းသွင်းထားကြောင်း ဟားဗတ်တက္ကသိုလ် ဝက်ဘ်ဆိုက်ဒ်မှ သိရသည်။

Source - CNA 

International News Read 20 times