ထိုင်းနိုင်ငံ ပညာရေးဝန်ကြီးဌာနသည် ၎င်းလက်အောက်ရှိ ကျောင်းများအားလုံးတွင် သက်သေအထောက်အထားစာရွက်စာတမ်းမရှိသော ပြည်ပကျောင်းသားများကို ပညာသင်ကြားခွင့်ပြုမည်ဖြစ်ကြောင်း သဘောတူညီခဲ့သည်။
အဆိုပါ ပညာရေးဆိုင်ရာ ဥပဒေအသစ်ကို ပညာရေးဝန်ကြီး Narumon Pinyosinwat က လက်မှတ်ရေးထိုးခဲ့ကြောင်းကို ဇန်န၀ါရီလ (၃၀) ရက်နေ့ထုတ် Royal Gazette သတင်းစာတွင် ဖော်ပြထားသည်။
အဆိုပါ အပြောင်းအလဲသည် နိုင်ငံသားမှတ်ပုံတင်ထားခြင်းမရှိသူများ (သို့) ထိုင်းနိုင်ငံသားမဟုတ်သူများအတွက် ပညာရေးအခွင့်အလမ်းများ တိုးချဲ့ပေးရန် ဆုံးဖြတ်ချက်နှင့် ကိုက်ညီသည်ဟု ဝန်ကြီးဌာနက ဆိုသည်။
ယခင်က အထောက်အထားမပြည့်စုံပါက ကျောင်းအပ်လက်မခံသည့် ကန့်သတ်ချက်များကို ဖယ်ရှားပြီး ထိုင်းနိုင်ငံတွင် နေထိုင်သည့် ကလေးတိုင်းကို မည်သည့်အတန်း မည်သည့်ကျောင်းတွင်မဆို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပညာသင်ကြားနိုင်စေရန် ခွင့်ပြုပေးမည်ဖြစ်ကြောင်း သိရသည်။
စည်းမျဉ်းသစ်အရ ကျောင်းများသည် ကျောင်းသားများအား တရားဝင်အထောက်အထား မရှိသော်လည်း ကျောင်းအပ်လက်ခံပေးရမည်ဖြစ်ပြီး ထိုအထောက်အထားမဲ့ကလေးများအတွက် ဂျီကုတ်စနစ်ဖြင့် ဂဏန်း (၁၃) လုံးပါ ကျောင်းသားမှတ်ပုံတင်ကို ထုတ်ပေးရမည်ဖြစ်သည်။
ဖြစ်နိုင်ရင် ကျောင်းသားများအတွက် တရားဝင်နိုင်ငံသား မှတ်ပုံတင် လျှောက်ထားပေးရန် ကျောင်းများအား သက်ဆိုင်ရာ ခရိုင် (သို့) ဒေသဆိုင်ရာ မှတ်ပုံတင်ရုံးများနှင့် အလုပ်တွဲလုပ်ရန် အစိုးရက ညွှန်ကြားထားသည်။
ကျောင်းသားတစ်ဦးအား နိုင်ငံသားအဆင့်အတန်း (သို့) မှတ်ပုံတင်နံပါတ်ကို တရားဝင် သတ်မှတ်မပေးနိုင်ပါက ပညာရေးပြီးဆုံးသည်အထိ ကျောင်းဘက်က ကျောင်းသား၏ ဂျီကုတ်ကို ထိန်းသိမ်းပေးထားရမည်ဖြစ်ပါသည်။
အကယ်၍ ကျောင်းသားတစ်ဦးသည် တရားဝင် နိုင်ငံသား မှတ်ပုံတင်အမှတ် ရရှိပြီးသည့်အခါ ကျောင်းများသည် ၎င်းတို့၏ အထောက်အထားမှတ်တမ်းများကို လျော်ညီစွာ အပ်ဒိတ်လုပ်ပေးရမည်ဖြစ်သည်။
အဆိုပါမူဝါဒသည် ၂၀၂၆ ခုနှစ် မေလမှစတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အသက်ဝင်မည်ဖြစ်ပြီး ရွှေ့ပြောင်းကလေးများ ပညာတတ်ကြီးဖြစ်ကာ ထိုင်းလူ့အဖွဲ့အစည်းအတွက် ပံ့ပိုးကူညီနိုင်စေရန် ရည်ရွယ်ပါသည်။