ထိုင်းဆယ်ကျော်သက်ကောင်မလေးတစ်ဦး အသက် (၁၆) နှစ်မှာ ဂုဏ်ထူးတန်းဝင်ပြီး ဘွဲ့ရရှိခဲ့သည့်အကြောင်းသည် လူမှုကွန်ရက်စာမျက်နှာတွင် များစွာ အာရုံစိုက်ခံနေရသည်။
"Srisupha Kesavapitak" အမည်ရှိသော ကောင်မလေးသည် သူမ အသက် (၁၃) နှစ်တွင် IGCSE အဆင့်နှင့် ညီမျှသည့် တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုအောင်မြင်ခဲ့သည်။
ထို့နောက် သူမသည် ထိုင်းက အစိုးရတက္ကသိုလ်ဖြစ်သည့် Ramkhamhaeng University တွင် အင်္ဂလိပ်စာနှင့် မျက်စိကုသမှု ဘာသာရပ်နှစ်ခုကို တပြိုင်နက် သင်ကြားခဲ့သည်။
သုံးနှစ်ကြာလေ့လာပြီးနောက် ပထမဆုံးအနေဖြင့် လူမှုရေးဘာသာဌာနမှ အင်္ဂလိပ်စာ ဂုဏ်ထူးဘွဲ့ကို ရရှိခဲ့သည်။ သူမသည် ဂုဏ်ထူးဘွဲ့ရမှ တက်ရောက်ခွင့်ရရှိမည့် မာစတာပရိုဂရမ်အတွက် ယခုလို ကြိုးစားခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် သူမသည် University College London တွင် Strategic Accounting and Finance ဘာသာရပ် မာစတာသင်တန်းကို အွန်လိုင်းမှ တက်ရောက်နေပြီး ၂၀၂၆ ခုနှစ်တွင် ပြီးမြောက်တော့မည်ဖြစ်ကြောင်း သိရသည်။
သူမသည် ပညာသင်ကြားနေစဉ် Thailand International Ice Hockey and Theatre of Dreams တွင်လည်း ပုံဖော်စကိတ်စီးသည့် နည်းပြအဖြစ် လုပ်ကိုင်လျက်ရှိပြီး Ice Skating Institute Asia မှ ကြီးမှူးကျင်းပသည့် စကိတ်စီးပြိုင်ပွဲတွင်လည်း (၂) နှစ် ဆက်တိုက် ဆုရရှိခဲ့ဖူးသည်။
သူမသည် အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ ပညာသင်ကြားပြီး စနေ၊ တနင်္ဂနွေ ပိတ်ရက်တွင် အလုပ်လုပ်နိုင်ရန် စာသင်ကာလတစ်ခုကို ဘာသာရပ် (၁၄) ခုအထိ ယူပြီး လေ့လာခဲ့ရသည်။
လက်ရှိတွင် မျက်စိကုသမှုပိုင်း တက်ရောက်နေမှုကို ယာယီရပ်နားထားပြီး ပြီးဆုံးတော့မည့် မာစတာတန်းအတွက် ပိုပြီး အာရုံစိုက်တော့မည်ဖြစ်ကြောင်း သူမက ပြောကြားခဲ့သည်။
နောက်ပိုင်းတွင် သူမ၏ မျက်စိကုသမှု၊ ဘဏ္ဍာရေးနှင့် အင်္ဂလိပ်ဆက်သွယ်ရေးဆိုင်ရာ အသိပညာတို့ကို ပေါင်းစပ်ပြီး မျက်စိအထူးကုဆေးခန်းတစ်ခု ဖွင့်လှစ်ရန် မျှော်လင့်ထားကြောင်း သိရသည်။
Source - khaosodenglish