နည်းပညာကို ပညာရေးကိရိယာများအဖြစ် အသုံးပြုကြသည်မှာ ကောင်းကျိုးများရှိသလို တစ်ဖက်တွင်လည်း လူသားတို့၏ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် ဆိုးကျိုးများရှိနေသောကြောင့် Gen Z သည် ၎င်းတို့ မိဘများထက် ဉာဏ်ရည် ပိုနိမ့်သည့် ပထမဆုံးမျိုးဆက်ဖြစ်လာသည်။
၁၉၉၀ ပြည့်နှစ် နှောင်းပိုင်းနှင့် ၂၀၁၀ ပြည့်နှစ်အစောပိုင်းကာလကြား မွေးဖွားသည့် Gen Z မျိုးဆက်များသည် ၎င်းတို့၏ မိဘများဖြစ်သည့် ၁၉၈၁ ခုနှစ်မှ ၁၉၉၆ ခုနှစ်ကြား မွေးဖွားသည့် Millennial မျိုးဆက်များထက် သိမြင်နားလည်မှုစွမ်းရည် နိမ့်လာကြောင်း လေ့လာတွေ့ရှိခဲ့သည်။
အဆိုပါတွေ့ရှိချက်ကို အာရုံကြောသိပ္ပံပညာရှင်နှင့် တက္ကသိုလ်များတွင် စာသင်ကြားသူ Dr. Jared Cooney Horvath က ရေးသားပြီး ကူးသန်းရောင်းဝယ်ရေး၊ သိပ္ပံပညာနှင့် သယ်ယူပို့ဆောင်ရေးတို့ကို အဓိကထားဆောင်ရွက်သော အမေရိကန် အထက်လွှတ်တော် ကော်မတီထံ တင်ပြခဲ့သည်။
လေ့လာတွေ့ရှိချက်အရ Gen Z များသည် ၎င်းတို့၏ မိဘများဖြစ်သော Millennial မျိုးဆက်များထက် အာရုံစူးစိုက်မှု၊ မှတ်ဉာဏ်၊ ပြဿနာဖြေရှင်းနိုင်စွမ်းနှင့် IQ တို့သည် ပိုမို နိမ့်ကျနေပြီး စာကြောင်းတစ်ကြောင်းကိုတောင် သေချာမဖတ်နိုင်ကြောင်း၊ အခြေခံသင်္ချာပုစ္ဆာကိုတောင် မတွက်ချက်နိုင်ကြောင်း ဖော်ပြထားသည်။
ဒေတာများကို လေ့လာခဲ့သော Horvath က Gen Z များသည် အမှန်တကယ်သင်ယူခြင်းထက် ဖန်သားပြင်ကြည့်ရှုချိန်က ပိုများနေကြောင်း ပြောကြားခဲ့သည်။ စာသင်ခန်းများတွင် ပညာရေးဆိုင်ရာနည်းပညာ (Edtech) ဟုခေါ်သော ဒစ်ဂျစ်တယ် ကိရိယာများ အသုံးများလာကြသည်နှင့်အမျှ ကျောင်းသားများသည် နက်နက်နဲနဲ လေ့လာခြင်းမရှိတော့ဘဲ AI ကိုပဲ အားကိုးလာကြသဖြင့် တွေးခေါ်နိုင်စွမ်းများ ကျဆင်းလာသည်။
ထို့နောက် ကျောင်းသားများသည် စာအုပ်တစ်အုပ်လုံးကို အပြည့်အစုံ ဖတ်မည့်အစား ၎င်းတို့၏ ဖုန်း၊ တက်ဘလက်များနှင့် လက်ပ်တော့များပေါ်တွင် အချိန်များစွာ ကုန်ဆုံးကြပြီး စာအုပ်အကျဉ်းချုပ်များကိုသာ ပေါ့ပေါ့ပါးပါး ဖတ်လာကြသည့်အတွက်လည်း အာရုံစူးစိုက်နိုင်မှုစွမ်းရည် အားနည်းလာသည်။
Horvath က နည်းပညာကို ဆန့်ကျင်သည်မဟုတ်သော်လည်း ကျောင်းများသည် နည်းပညာသုံးခြင်းလျှော့သင့်ပြီး ယခင်ကလို စာအုပ်အပြည့်အစုံဖတ်ခြင်းနှင့် စာမေးပွဲအတွက် ခက်ခက်ခဲခဲလေ့လာခြင်းကဲ့သို့ လေးနက်ပြီး စိန်ခေါ်မှုရှိတဲ့ သင်ယူမှုကို ထောက်ခံသည်ဟု ပြောကြားခဲ့သည်။
နိုင်ငံပေါင်း (၈၀) က ဒေတာများကို ကြည့်မည်ဆိုလျှင် ကျောင်းများတွင် ဒစ်ဂျစ်တယ်နည်းပညာကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာသည့်အခါ ကျောင်းသားများ၏ သင်ယူမှုစွမ်းဆောင်ရည်က သိသိသာသာ ကျဆင်းသွားသည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
Source - Times of India , NewYork Post