ပြင်သစ်နိုင်ငံရှိ အထက်တန်းကျောင်းသားများမှ စတင်ခဲ့သော ဆန္ဒပြပွဲများသည် ယခုအခါ အိမ်နီးချင်း ဥရောပနိုင်ငံများသို့ ကူးစက်ပျံ့နှံ့လျက်ရှိသည်။
ကျောင်းသားများသည် စာသင်ခန်းများ ကျပ်လွန်းခြင်း၊ ဆရာ/ဆရာမ လုံလောက်မှုမရှိခြင်း၊ ကျောင်းအဆောက်အအုံများ ယိုယွင်းပျက်စီးလာခြင်း၊ ပညာရေးစရိတ် မြင့်တက်လာခြင်းနှင့် အစိုးရ၏ ပြည်သူ့ဘဏ္ဍာသုံးစွဲမှု လျှော့ချခြင်းတို့အပေါ် မကျေနပ်သဖြင့် တောင်းဆိုဆန္ဒပြနေကြသည်။
ဤလှုပ်ရှားမှုသည် အခြားဥရောပနိုင်ငံများအထိ ပျံ့နှံ့လာပြီး နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ တောင်းဆိုချက် အနည်းငယ် ကွဲပြားသော်လည်း ကြုံတွေ့နေရသည့် အခက်အခဲများနှင့် စိုးရိမ်ပူပန်မှုများမှာမူ တူညီနေကြသည်။
ကျောင်းများနှင့် တက္ကသိုလ်များတွင် ဝန်ထမ်းမလုံလောက်မှု၊ အခြေခံအဆောက်အအုံ ပြဿနာများနှင့် စရိတ်စက ပိုမိုကြီးမားလာချိန်တွင် အစိုးရများအနေဖြင့် ပညာရေးကဏ္ဍ၌ လုံလောက်သော ဘဏ္ဍာငွေ ရင်းနှီးမြှုပ်နှံမှု ပြု/မပြုကို ကျောင်းသားများက မေးခွန်းထုတ်လာကြသည်။
စက်တင်ဘာလလယ်တွင် ပါရီဒေသရှိ အထက်တန်းကျောင်းသားများနှင့် ဆရာ/ဆရာမများသည် သင်ထောက်ကူပစ္စည်းနှင့် ဝန်ထမ်းမလုံလောက်မှုအပေါ် စတင် ဆန္ဒပြခဲ့ကြသည်။
အဆိုပါ ဆန္ဒပြမှုသည် ပြင်သစ်တစ်နိုင်ငံလုံးသို့ မြန်ဆန်စွာ ပျံ့နှံ့သွားခဲ့ပြီး ကျောင်းသားများသည် ကျောင်းအဝင်ဝများကို ပိတ်ဆို့ဆန္ဒပြခဲ့ကြသည်။ နောက်ပိုင်းတွင် တက္ကသိုလ်ကျောင်းသားများ၊ မိဘများနှင့် အလုပ်သမားသမဂ္ဂများပါ ပူးပေါင်းပါဝင်လာခဲ့သည်။
၎င်းတို့၏ မကျေနပ်ချက်များမှာ စာသင်ခန်းအတွင်း ကျောင်းသားဦးရေ အလွန် များပြားခြင်း၊ ပျက်ကွက်ဆရာများနေရာတွင် အစားထိုးဆရာမရှိခြင်း၊ ကျောင်းချိန် ကြာမြင့်လွန်းခြင်း၊ ယိုယွင်းနေသော ကျောင်းအဆောက်အအုံများနှင့် ချမ်းသာသောဒေသနှင့် ဆင်းရဲသောဒေသရှိ ကျောင်းများအကြား မညီမျှမှုများ ဖြစ်ကြသည်။ ထို့ပြင် တက္ကသိုလ်ဝင်ခွင့်စနစ်နှင့် ပညာရေးစနစ်မှ လာသော ဖိအားများအပေါ်တွင်လည်း စိုးရိမ်ပူပန်မှုများ ရှိနေကြသည်။
လက်ရှိတွင် ပြင်သစ်၌ ကျောင်းပေါင်း (၃၇၅) ကျောင်းခန့်မှာ တစ်စိတ်တစ်ပိုင်း သို့မဟုတ် လုံးဝပိတ်ထားရပြီး ဆန္ဒပြမှုများနှင့် ဆက်စပ်၍ လူပေါင်း (၆,၆၀၀) ကျော် ဖမ်းဆီးခံထားရသည်။
အစိုးရက ကျောင်းသားများ၏ စိုးရိမ်ပူပန်မှုများကို ဖြေရှင်းပေးမည်ဟု ကတိပြုထားသော်လည်း ဆန္ဒပြသူများက နှုတ်ကတိထက် လက်တွေ့ကျသော ပြောင်းလဲမှုများကို လိုလားနေကြသည်။
ပြင်သစ်နိုင်ငံ၏ ကျောင်းသားဆန္ဒပြမှုများသည် ဘယ်လ်ဂျီယံ၊ အီတလီ၊ ဂရိ၊ အိုင်ယာလန်၊ ဂျာမနီ၊ ဩစတြီးယားနိုင်ငံတို့အထိပါ ပျံ့နှံ့ခဲ့ပြီး ပညာရေးကဏ္ဍအတွက် အစိုးရက ပိုမိုရင်းနှီးမြှုပ်နှံပေးရန် ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။
အစိုးရများသည် ဘတ်ဂျက်လိုငွေကို ထိန်းချုပ်ရန်နှင့် ချေးငွေစရိတ်များကို စီမံရန် ကြိုးပမ်းနေကြချိန်တွင် ကျောင်းသားများနှင့် ပညာရေးဝန်ထမ်းများသည် ပညာရေးကဏ္ဍတွင် ပိုမိုသုံးစွဲပေးရန် တောင်းဆိုလျက်ရှိကြသည်။