ဩစတေးလျနိုင်ငံသည် အိန္ဒိယ၊ နီပေါ၊ ဘင်္ဂလားဒေ့်ရှ်နှင့် ဘူတန်တို့မှ နိုင်ငံတကာကျောင်းသားများ၏ ဗီဇာကို ပြင်းထန်သော စစ်ဆေးမှုများ လုပ်ဆောင်တော့မည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးဌာနက သိရသည်။
ယမန်နှစ်က နိုင်ငံတကာကျောင်းသားစုစုပေါင်း၏ သုံးပုံတစ်ပုံသည် အိန္ဒိယ၊ နီပေါ၊ ဘင်္ဂလားဒေ့်ရှ်နှင့် ဘူတန်တို့မှ ဖြစ်ပြီး အဆိုပါနိုင်ငံများမှ ကျောင်းသားများ၏ အထောက်အထားစစ်ဆေးမှု (Evidence Level) ကို အဆင့် (၂) မှ အဆင့် (၃) သို့ ပြောင်းလဲမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဇန်နဝါရီ ၈ ရက်၊ ၂၀၂၆ ခုနှစ်တွင် ပြောကြားခဲ့သည်။
တရုတ်သည်လည်း ယခင်နှစ်က ဇူလိုင်-ဩဂုတ်လအတွင်း အထောက်အထားစစ်ဆေးမှု EL1 မှ EL2 သို့ တိုးမြှင့် သတ်မှတ်ခံခဲ့ရပြီး အိန္ဒိယ၊ နီပေါတို့နှင့်အတူ ဖြစ်ခဲ့သည်။
ဤပြောင်းလဲမှုများသည် သြစတြေးလျတွင် အရည်အသွေးပြည့်ဝသော ပညာရေးကို ရှာဖွေနေသည့် ကျောင်းသားစစ်စစ်များကို ရှာဖွေလိုသည့် ဆန္ဒဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
Australia's Simplified Student Visa Framework (SSVF) အောက်တွင် နိုင်ငံများနှင့် ဝန်ဆောင်မှုပေးသူများအား ဗီဇာငြင်းပယ်မှုနှုန်း၊ ဗီဇာဖျက်သိမ်းမှုနှုန်း၊ ကျောင်းသားဗီဇာကိုင်ဆောင်ထားသူများ၏ ဥပဒေမဲ့ နိုင်ငံသားခံယူမှုနှုန်းနှင့် နောက်ဆက်တွဲ ဒုက္ခသည်လျှောက်လွှာတင်နှုန်းတို့အပါအဝင် အချက်များစွာအပေါ် အခြေခံ၍ Evidence Level (EL) ကို သတ်မှတ်ပေးမည်ဖြစ်ကြောင်း သိရသည်။
EL3 အဆင့်သတ်မှတ်ခြင်းဆိုသည်မှာ ဗီဇာလျှောက်ထားသူများနှင့် ဝန်ဆောင်မှုပေးသူများသည် ဘဏ္ဍာရေးနှင့် ပညာရေးမှတ်တမ်းဆိုင်ရာ စာရွက်စာတမ်းများကို ပြည့်စုံမှန်ကန်စွာ ပြသရမည်ဖြစ်ပြီး အစိုးရဘက်မှ တင်းကျပ်သေချာစွာ စိစစ်မည်ဖြစ်သည်။
ထိုသို့ EL တိုးမြှင့်သတ်မှတ်ရခြင်းသည် နိုင်ငံအတွင်း ကျောင်းသားဗီဇာများအား မသမာသည့်နည်းလမ်းများဖြင့် လျှောက်ထားခြင်းကို ကြိုတင် ကာကွယ်ထားခြင်းဖြစ်ပြီး ဘဏ္ဍာရေးနှင့် ပညာရေးဆိုင်ရာ နောက်ခံမှတတမ်းများအား အဓိကဦးတည် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
သြစတြေးလျအစိုးရသည် ၂၀၂၆ ခုနှစ်အတွက် နိုင်ငံတကာ ကျောင်းသားဦးရေကို စုစုပေါင်း (၂၉၅,၀၀၀) အထိ လက်ခံရန် မျှော်မှန်းထားပြီး ၂၀၂၅ ခုနှစ်ထက် (၂၅,၀၀၀) ပိုများနေသည်။
ပိုမိုတင်းကျပ်သော ဗီဇာစစ်ဆေးမှုများကြောင့် ပယ်ချခံရမည့် လျှောက်လွှာများရှိနိုင်သည့်အတွက် တားဂတ်ပြည့်ရန် ကျောင်းသားနေရာလွတ်များကို အခြားနိုင်ငံများမှ စုဆောင်းရန် လိုအပ်မည်ဖြစ်သည်။
ယခု ယူအက်စ်၊ ယူကေနှင့် ကနေဒါတို့တွင် ဗီဇာတင်းကျပ်မှုများ ရှိနေခြင်းကြောင့် သြစတြေးလျနိုင်ငံသည် နိုင်ငံတကာကျောင်းသားများ၏ ရွေးချယ်စရာဖြစ်လာမည်ဟု ယုံကြည်ထားကြသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ သြစတြေးလျတွင် ပညာသင်ကြားနေသည့် နိုင်ငံတကာ ကျောင်းသားဦးရေ (၈၃၃,၀၄၁) ဦးရှိပြီး အများစုမှာ တရုတ်နှင့် အိန္ဒိယတို့မှ ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
source - news.com.au