အိန္ဒိယနိုင်ငံတွင် ပညာတတ်များ ပေါများပြီး ကျောင်းသားများ ပြည်ပသို့ မရောက်သွားစေရေးအတွက် နိုင်ငံခြားတက္ကသိုလ်ခွဲများအား ဖွင့်လှစ်ခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံသည် ထိပ်တန်းကမ္ဘာ့ပညာရေးနိုင်ငံအဖြစ် ရပ်တည်ရန် ရည်မှန်းထားသောကြောင့် နိုင်ငံ၏ အဆင့်မြင့်ပညာရေးစနစ်ကို နိုင်ငံတာအသိအမှတ်ပြုဖြစ်လာစေရန် ယူကေနှင့် သြစတြေးလျနိုင်ငံတို့မှ တက္ကသိုလ်များ၏ ကျောင်းခွဲများကို ဖွင့်လှစ်ခွင့်ပေးလျက်ရှိသည်။
အင်္ဂါနေ့တွင် ပညာရေးဝန်ကြီး Dharmendra Pradhan သည် သြစတြေးလျရှိ Western Sydney University၊ Victoria University၊ La Trobe University နှင့် ယူကေရှိ University of Bristol တို့အား ကျောင်းခွဲဖွင့်ခွင့် အတည်ပြုစာ ထုတ်ပေးခဲ့သည်ဟု သိရသည်။
ပထမဆုံးအနေဖြင့် ယူကေရှိ University of Southampton ၏ ကျောင်းခွဲကို Gurgaon မြို့တွင် ဖွင့်လှစ်လိုက်ပြီးနောက် ယခုပညာသင်နှစ်တွင် အိန္ဒိယတွင် နိုင်ငံခြားတက္ကသိုလ်ခွဲ (၁၅) ကျောင်း ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းမည်ဟု ဝန်ကြီးက ပြောကြားထားသည်။
၂၀၂၂ ခုနှစ်မတိုင်မီ အိန္ဒိယသည် နိုင်ငံခြားတက္ကသိုလ်များကို အိန္ဒိယတက္ကသိုလ်များနှင့် ပူးပေါင်းပြီးသာ ပညာရေးပရိုဂရမ်များ ဆောင်ရွက်ခွင့်ပြုပြီး ၂၀၂၂ ခုနှစ်မှ စ၍ ထိပ်တန်းနိုင်ငံခြားတက္ကသိုလ်များကို သီးခြားကျောင်းခွဲ ဖွင့်လှစ်ခွင့်ပြုခဲ့ကာ လက်ရှိတွင် တက္ကသိုလ် (၅) ခုအား ဖွင့်လှစ်ခွင့်ပါမစ် ပေးထားကြောင်း သိရသည်။
၂၀၂၄ ခုနှစ်တစ်နှစ်တည်းတွင် အိန္ဒိယကျောင်းသား (၁.၃) သန်းကျော်သည် အခြားနိုင်ငံများသို့ ပညာတော်သင် သွားခဲ့ကြပြီး ထိုအရေအတွက်ဟာ ငါးနှစ်အတွင်းမှာ (၅၀%) ကျော် မြင့်တက်ခဲ့ကြောင်း The Hindustan Times သတင်းစာမှ ထုတ်ပြန်ထားသည်။
ကျောင်းသားများနှင့် ဆရာများသည် နိုင်ငံရပ်ခြားသို့ မကြာခဏ ပြောင်းရွှေ့သွားကြသည့်အတွက် နိုင်ငံအတွင်း အင်ဂျင်နီယာ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးစသည့် ကဏ္ဍများတွင် ထိခိုက်မှုဖြစ်စေသည်။
ထို့ကြောင့် နိုင်ငံခြားတက္ကသိုလ်များကို အိန္ဒိယနိုင်ငံသို့ ဝင်ခွင့်ပေးခြင်းဖြင့် အိန္ဒိယကျောင်းသားများ အခြားနိုင်ငံသို့ ရောက်မည့်အစား မိမိနိုင်ငံအတွင်းမှာပဲ အကျိုးပြုနိုင်ရန် မျှော်မှန်းထားသည်။
အမေရိကန်အခြေစိုက် ကမ္ဘာလုံးဆိုင်ရာ စွမ်းရည်မြှင့်တင်ရေးဗျူဟာပညာရှင်နှင့် Microsoft အမှုဆောင်ဟောင်း Abhijit Bhaduri ၏ ပြောကြားချက်အရ နိုင်ငံခြားတက္ကသိုလ်များ ဝင်ခွင့်ပေးမှုသည် နိုင်ငံအတွင်း နည်းပညာအတတ်ပညာရှင်များ ပိုမို များလာနိုင်ပြီး ကျောင်းသားများအနေဖြင့်လည်း နိုင်ငံတကာ အဆင့်မြင့်ပညာရေးကို သင်ကြားခွင့်ရမည်ဖြစ်သည်။
ထို့အပြင် ပညာရေး ကုန်ကျစရိတ်ကို လျှော့ချနိုင်ပြီး ဗီဇာအခက်အခဲများအတွက်လည်း ပူပန်မှု လျော့ကျနိုင်သည်။ နောက်ပိုင်းတွင် နိုင်ငံတကာ ကျောင်းသားများ၊ ဆရာများနှင့် ကျွမ်းကျင်ပညာရှင်များသည် အနောက်တိုင်းဒေသများထက် အိန္ဒိယကို ရွေးချယ်လာနိုင်ပြီး ကမ္ဘာ့ပညာရေး ဖော်ဆောင်ရာနေရာတစ်ခုအဖြစ် အသိအမှတ်ပြုမှုများ ရရှိလာနိုင်သည်။
Source - South China Morning Post