၂၀၂၆ ခုနှစ် ဆောင်းဦးရာသီတွင် အမေရိကန်ကောလိပ်များသို့ တက်ရောက်ရန် လျှောက်ထားခဲ့ကြသည့် ပြည်ပကျောင်းသားအရေအတွက်မှာ (၁၀%) ခန့် ကျဆင်းသွားခဲ့ပြီး၊ ယင်းမှာ ဆယ်စုနှစ်တစ်ခုအတွင်း စံချိန်တင် ကျဆင်းမှု ဖြစ်ခဲ့သည်။
Common App ၏ သြဂုတ်လ (၂၀) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အချက်အလက်များအရ ၂၀၂၅ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၂၀၂၆ ခုနှစ်တွင် အမေရိကန်ကောလိပ်များသို့ လျှောက်ထားသည့် ကျောင်းသားအရေအတွက် (၁၆,၀၀၀) နီးပါး လျော့နည်းသွားခဲ့ကြောင်း သိရသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အစိုးရအဖွဲ့သည် ပြည်ပကျောင်းသားများ နိုင်ငံအတွင်းသို့ ဝင်ရောက်မှုကို ကန့်သတ်ရန်အတွက် ဗီဇာစည်းမျဉ်းများ ပြောင်းလဲခြင်းနှင့် တင်းကျပ်မှုများကို အရှိန်မြှင့်လုပ်ဆောင်လာခဲ့ခြင်းကြောင့် ဖြစ်သည်။
Common App ၏ အစီရင်ခံစာသည် အမေရိကန်ကျောင်း (၁,၁၄၆) ကို စစ်တမ်းကောက်ယူခဲ့ခြင်း ဖြစ်ပြီး အာရှနှင့် အာဖရိကတိုက်တို့မှ လျှောက်လွှာများမှာ ဆယ်ဂဏန်းကျော်ရာခိုင်နှုန်းအထိ ကျဆင်းသွားပြီး ဥရောပကျောင်းသားအရေအတွက်မှာလည်း (၄%) အထိ ကျဆင်းသွားခဲ့သည်။
အလားတူ တက္ကသိုလ်သို့ ဝင်ရောက်မည့် ကျောင်းသားဦးရေလည်း ယခုဆောင်းဦးရာသီတွင် ကျဆင်းသွားနိုင်ဖွယ် ရှိပြီး အမေရိကန်ကောလိပ်များစွာအတွက် ဘဏ္ဍာရေးဆိုင်ရာ ဖိအားများကိုလည်း ပိုမိုကြီးထွားလာစေမည် ဖြစ်သည်။
ဝင်ခွင့်ရွေးချယ်မှု အလွန်ခက်ခဲပြီး အပြိုင်အဆိုင်ပြင်းထန်သည့် ထိပ်တန်းကျောင်းများတွင် နိုင်ငံတကာလျှောက်လွှာ (၁%) သာ ကျဆင်းခဲ့သော်လည်း၊ ကျောင်းဝင်ခွင့်နှုန်း မြင့်မားသည့် တက္ကသိုလ်များမှာမူ လျှောက်လွှာ (၂၀%) ခန့်အထိ သိသာစွာ ကျဆင်းသွားခဲ့သည်။
Source - The Straits Times