ကိုရီးယားကောလိပ်နှင့် တက္ကသိုလ်များမှ ဘွဲ့ရရှိခဲ့ကြသည့် နိုင်ငံခြားသားကျောင်းသားများ၏ အလုပ်အကိုင် အခွင့်အလမ်း ရလဒ်များမှာ ပိုမိုကောင်းမွန်လာသောကြောင့် ဘွဲ့ရပြီးနောက်ပိုင်း ကိုရီးယားမှာပဲ ဆက်နေထိုင်လိုသူ ပိုမိုများပြားလာကြောင်း မကြာသေးမီက ပြုလုပ်ခဲ့သော လေ့လာမှုတစ်ရပ်အရ သိရသည်။
ဤအခြေအနေသည် တစ်လလျှင် အနည်းဆုံး ဝမ် ၃ သန်း (အမေရိကန်ဒေါ်လာ ၁,၉၉၇ ဝန်းကျင်) နှင့်အထက် ရရှိသည့် နိုင်ငံခြားသားဘွဲ့ရဦးရေ တိုးပွားလာခြင်းနှင့်အတူ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
ထို့အပြင် လက်ရှိ ကျောင်းတက်နေဆဲ ကျောင်းသားအများစုကလည်း ဘွဲ့ရပြီးပါက အလုပ်လုပ်ရန် သို့မဟုတ် ပညာဆက်လက်သင်ကြားရန်အတွက် ကိုရီးယားမှာပဲ ဆက်နေဖို့ မျှော်လင့်ထားကြသည်ဟု ဆိုသည်။
အဆိုပါ လေ့လာမှုကို ကိုရီးယားပညာရေးဖွံ့ဖြိုးတိုးတက်မှုအဖွဲ့အစည်းက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး၊ အစိုးရအေဂျင်စီများထံမှ ရရှိသော ပညာရေးနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အချက်အလက်များအပြင် ကောလိပ်နှင့် တက္ကသိုလ်များမှ ကောက်ယူထားသော လူတွေ့မေးမြန်းမှုများနှင့် စာရင်းဇယားများကို ခွဲခြမ်းစိတ်ဖြာ လေ့လာခဲ့ခြင်း ဖြစ်သည်။
(၂) နှစ် သို့မဟုတ် (၃) နှစ်သင် ကောလိပ်တက်ရောက်ခဲ့သည့် နိုင်ငံခြားသားဘွဲ့ရများအနက် တစ်လလျှင် အနည်းဆုံး ဝမ် (၃) သန်း ရရှိသူပမာဏသည် ၂၀၂၁ ခုနှစ်တွင် ၁၅.၄% ရှိခဲ့ရာမှ ၂၀၂၃ ခုနှစ်တွင် ၄၁.၈% အထိ မြင့်တက်လာခဲ့သည်။
တက္ကသိုလ်တက်ရောက်ပြီး ဘွဲ့ရထားသည့် နိုင်ငံတကာကျောင်းသားများအနက် တစ်လလျှင် အနည်းဆုံး ဝမ် (၃) သန်း ရရှိသူပမာဏသည် ၂၀၁၇ ခုနှစ်တွင် ၁၆.၁% ရှိခဲ့ရာမှ ၂၀၂၃ ခုနှစ်တွင် ၃၀.၈% သို့ မြင့်တက်လာခဲ့သည်။
မဟာဘွဲ့ ရရှိထားသူများတွင်မူ တစ်လလျှင် အနည်းဆုံး ဝမ် (၃) သန်းနှင့်အထက် ရရှိသူ ရာခိုင်နှုန်းသည် ၂၀၁၇ ခုနှစ်တွင် ၂၃.၃%၊ ၂၀၁၉ ခုနှစ်တွင် ၃၄.၆% ရှိခဲ့ရာမှ ၂၀၂၃ ခုနှစ်တွင် ၄၃.၈% အထိ တိုးတက်လာခဲ့သည်။
ပါရဂူဘွဲ့ ရရှိထားသူများ ဝင်ငွေအများဆုံး ရရှိနေပြီး ၂၀၂၃ ခုနှစ်တွင် ဒေါက်တာဘွဲ့ရ နိုင်ငံခြားသား ၇၇.၉% သည် တစ်လလျှင် အနည်းဆုံး ဝမ် (၃) သန်းနှင့်အထက် ရရှိကြသည်။ ၎င်းပမာဏသည် ၂၀၁၉ ခုနှစ်က ၆၂.၅% နှင့်ယှဉ်ရင် ပိုမို မြင့်တက်လာခြင်း ဖြစ်သည်။
အဆိုပါ လေ့လာမှုတွင် လက်ရှိ တောင်ကိုရီးယား အဆင့်မြင့်ပညာရေးကဏ္ဍများ၌ တက်ရောက်ပညာသင်ကြားနေဆဲဖြစ်သော နိုင်ငံတကာကျောင်းသားများ၏ အနာဂတ်အစီအစဉ်များကိုလည်း ထည့်သွင်းကြည့်ရှုခဲ့သည်။
၂၀၂၃ ခုနှစ်တွင် ကျောင်းသား ၆၃% က ဘွဲ့ရပြီးနောက် ကိုရီးယားတွင် ဆက်နေချင်ကြသည်ဟု ဖြေဆိုခဲ့ကြရာ ၃၅.၄% က ကိုရီးယားတွင် အလုပ်အကိုင် ရှာဖွေရန် မျှော်လင့်ထားကြပြီး ၂၇.၄% ကမူ ပညာဆက်လက်သင်ကြားရန် ဆန္ဒရှိကြသည်။
သုတေသီများ၏ အဆိုအရ ကိုရီးယား အဆင့်မြင့်ပညာရေးတက္ကသိုလ်များမှ ဘွဲ့ရရှိခဲ့ကြသည့် နိုင်ငံခြားသားများသည် ယေဘုယျအားဖြင့် ၎င်းတို့၏ လက်ရှိအလုပ်အကိုင်များအပေါ် ကျေနပ်မှုရှိကြပြီး အလုပ်ပြောင်းရွှေ့လိုစိတ် နည်းပါးကြသည်ကို တွေ့ရသည်။
Source - The Korea Herald