ကလေးတွေမှာ မွေးကင်းစကနေ ငါးနှစ်အရွယ်ထိက ဦးနှောက်ဖွံ့ဖြိုးမှု အမြန်ဆုံးကာလဖြစ်တဲ့အတွက် သူတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဂရုစိုက်ပေးရမယ့် အရေးကြီးဆုံးအချိန်လို့ ပြောနိုင်ပါတယ်။ ဒါကြောင့် ကလေးငယ်ရှိတဲ့ မိဘဖြစ်ဖြစ်၊ မူကြိုဆရာ/ဆရာမဖြစ်ဖြစ် ကလေးငယ်တွေမှာ အဓိက လိုအပ်တဲ့ ဖွံ့ဖြိုးမှုတွေရဲ့အကြောင်းနဲ့ ဒါကို ဘယ်လို လေ့ကျင့်မွေးမြူပေးရမလဲဆိုတာ သိကိုသိထားရပါမယ်။
ကလေးငယ်တွေအတွက် အစောပိုင်းကာလမှာ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု (Physical Development)၊ ဉာဏဖွံ့ဖြိုးမှု (Cognitve Development)၊ လူမှုဆက်ဆံရေးဖွံ့ဖြိုးမှု (Communication Development) နဲ့ စိတ်ခံစားမှုဆိုင်ရာဖွံ့ဖြိုးမှု (Emotional Development)၊ စာရိတ္တဖွံ့ဖြိုးမှု (Ethic Development) ဆိုပြီး ဖွံ့ဖြိုးမှုနယ်ပယ် (၅) ခု ရှိပါတယ်။
၁။ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု
ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုမှာ ကလေးငယ်တွေအတွက် အရပ်၊ ခန္ဓာကိုယ်အလေးချိန်၊ ကြွက်သား၊ ခြေလက်လှုပ်ရှားမှု၊ အာရုံငါးပါး စတဲ့ ပြောင်းလဲမှုတွေ ပါဝင်ပါတယ်။ ကလေးငယ်တွေကို ကိုယ်အလေးချိန်နဲ့ ခွန်အားတိုးစေဖို့ မျှတတဲ့ အစားအစာ ကျွေးမွေးမှုနဲ့ စောင့်ရှောက်မှုတွေ လိုအပ်ပါတယ်။ ဒါ့အပြင် ကလေးတွေကလည်း တက်ကြွပြီး သူတို့ရဲ့ပတ်ဝန်းကျင်နဲ့ ထိတွေ့ဆက်ဆံဖို့ လိုပါတယ်။
ရုပ်ပိုင်းဆိုင်ရာနယ်ပယ်မှာ ဖွံ့ဖြိုးတိုးတက်စေဖို့ ကလေးတွေက အပြင်ထွက်ကစားခြင်း၊ ကိုယ်တိုင်မုန့်စားခြင်း၊ ဖိနပ်ကြိုးချည်ခြင်း၊ အရုပ်လှည်းကိုတွန်းခြင်း စတာတွေကို လုပ်ဆောင်ရပါမယ်။
၂။ ဉာဏဖွံ့ဖြိုးမှု
သိမြင်မှုဆိုင်ရာ မှတ်ဉာဏ်ဖွံ့ဖြိုးမှုမှာ ကလေးငယ်တွေရဲ့ တွေးခေါ်ပုံ၊ စူးစမ်းပုံ၊ ရှာဖွေပုံ၊ ဆုံးဖြတ်ပုံတို့အပြင် ပြသနာဖြေရှင်းနိုင်မှုနဲ့ အသိပညာတွေကို မှတ်သားထားမှုတို့လည်း ပါဝင်ပါတယ်။ ကလေးတစ်ဦးရဲ့ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်မှုက သူတို့ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ ကမ္ဘာကြီးအပေါ် နားလည်နိုင်စွမ်းကို ရည်ညွှန်းပါတယ်။
ကလေးတွေအတွက် ပုံပြင်ပြောခြင်း၊ အမျိုးအစားခွဲခြင်း၊ စူးစမ်းရှာဖွေခြင်း၊ ကတ်တွေလျှပ်တပြတ်ပြခြင်း၊ ဂိမ်းကစားခြင်း စတာတွေက ဉာဏပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကို ကူညီပေးပါတယ်။
၃။ လူမှုဆက်ဆံရေးဖွံ့ဖြိုးမှု
ဘာသာစကား (သို့) လူမှုဆက်ဆံရေး ဖွံ့ဖြိုးမှုဆိုတာ ကလေးတွေအနေနဲ့ ဘယ်လိုပြောရမလဲဆိုတာနဲ့ ဘယ်လိုနားလည်ရမလဲဆိုတာကို တတ်မြောက်မှု ဖြစ်ပါတယ်။ ဘာသာစကား ဖွံ့ဖြိုးတိုးတက်မှုမှာ နို့စို့အရွယ်လေးတွေက အသံနဲ့ အမူအရာတွေကနေ စတင်ပြီး အသက်ကြီးလာတာနဲ့အမျှ စကားလုံးတွေနဲ့ ပြည့်စုံတဲ့ စာကြောင်းတွေကို ပြောတတ်ရပါမယ်။ ဘာသာစကားစွမ်းရည် တိုးတက်လာပြီဆိုရင် ပတ်ဝန်းကျင်က လူတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်မှာဖြစ်တဲ့အတွက် လူမှုဆက်ဆံရေးပိုင်းမှာလည်း အကျိုးပြုပါတယ်။
ကလေးငယ်တွေအတွက် အစောပိုင်းကာလတွေမှာ လုပ်နိုင်တာက ကဗျာရွတ်ခြင်း၊ သီချင်းဆိုခြင်း၊ ဝေါဟာရအသစ်တွေ သင်ယူခြင်း၊ မေးခွန်းတွေမေးခြင်း၊ အရာ၀တ္တုနာမည်တွေ ပြောပြခြင်း တို့ဖြစ်ပါတယ်။
၄။ စိတ်ခံစားမှုဆိုင်ရာဖွံ့ဖြိုးမှု
ကလေးငယ်တွေက လူတစ်ယောက်နဲ့ ဘယ်လိုပြောဆိုဆက်ဆံရမလဲဆိုတာကို သိရုံတင်မက သူတို့ရဲ့ ကိုယ်ပိုင်စိတ်ခံစားမှုကို ထုတ်ဖော်ပြောဆိုတတ်ဖို့၊ စီမံခန့်ခွဲတတ်ဖို့၊ တခြားလူတစ်ယောက်ရဲ့ စိတ်ခံစားမှုကို နားလည်ပေးတတ်ဖို့ လိုအပ်ပါတယ်။ စိတ်ခံစားမှုဆိုင်ရာဖွံ့ဖြိုးမှုပိုင်းမှာ လူတစ်ယောက်ကို ဘယ်လို စတင် ဆက်ဆံရမလဲဆိုတာလည်း ပါဝင်တဲ့အတွက် လူမှုဆက်ဆံရေးပိုင်းလည်း ကောင်းမွန်လာမှာ ဖြစ်ပါတယ်။
စိတ်ခံစားချက်ရုပ်ပုံလေးတွေ ပြခြင်း၊ အလှည့်ကျစနစ်ကို သိနားလည်ခြင်း၊ မျှဝေခြင်း၊ မိတ်ဖွဲ့ခြင်း၊ တောင်းပန်ခြင်း စတာတွေကို အလေ့အကျင့် လုပ်ပေးမှ ကလေးငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုက တိုးတက်လာမှာ ဖြစ်ပါတယ်။
၅။ စာရိတ္တဖွံ့ဖြိုးတိုးတက်မှု
စာရိတ္တဖွံ့ဖြိုးတိုးတက်မှုလို့ လူသိများတဲ့ ကျင့်ဝတ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုမှာ အမှားအမှန်ဆိုင်ရာ စံနှုန်းတွေ၊ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို ကလေးတွေ သိနားလည်အောင် သင်ကြားပေးရမှာ ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက ရိုသေမှု၊ လေးစားမှု၊ နာခံမှု၊ ရိုးသားမှု၊ ကိုယ်ချင်းစာမှု စတဲ့ အခြေခံ ကျင့်ဝတ်တွေကို လေ့ကျင့်ပေးထားမှ အရွယ်ရောက်လာတဲ့အခါ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုရှိတဲ့ ကျောင်းသားဖြစ်လာမှာပါ။
စာရိတ္တဖွံ့ဖြိုးတိုးတက်မှုအတွက် အမှား/အမှန် မေးခွန်တွေမေးခြင်း၊ ပုံပြင်တွေပြောပြခြင်း၊ ပူးပေါင်းဆောင်ရွက်ရတဲ့ Activities တွေ လုပ်ဆောင်စေခြင်း၊ အခြေခံလူ့ကျင့်ဝတ်တွေအကြောင်း ရှင်းပြခြင်း တို့ကို လုပ်ဆောင်ပေးသင့်ပါတယ်။
ဒီလောက်ဆိုရင်တော့ ကလေးငယ်တွေရဲ့ အစောပိုင်းကာလမှာ ဖွံ့ဖြိုးဖို့ အရေးကြီးတဲ့ နယ်ပယ်ငါးခုအကြောင်းကို သိသွားပြီလို့ ယူဆပါတယ်။ ဒီဖွံ့ဖြိုးမှုနယ်ပယ် (၅) ခုလုံးမှာ ဟန်ချက်ညီညီ တိုးတက်လာတာနဲ့အမျှ ကလေးငယ်တွေအတွက် ကြီးထွားမှု၊ ကျန်းမာမှု၊ သင်ယူမှု၊ ဘ၀နေထိုင်မှုပိုင်းတွေမှာပါ တိုးတက်ပြောင်းလဲလာမှာ ဖြစ်ပါတယ်။