ကျောင်းပြင်ပရောက် မူလတန်း/အလယ်တန်းအရွယ်များအတွက် Placement Test အစီအစဉ်

၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းနားထားသည့် မူလတန်း/အလယ်တန်းအရွယ်ကလေးများတွက် အခြေခံပညာကျောင်းများသို့ ပြန်လည် တက်ရောက်နိုင်ရန် အထူးအစီအစဉ်အနေဖြင့် Placement Test ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။

အခြေခံပညာမူလတန်းအဆင့် (Grade 2 မှ Grade 5) နှင့် အလယ်တန်းအဆင့် (Grade 6 မှ Grade 9) အထိ ကျောင်းနေရွယ်ကလေးများအတွက် Placement Test ကို ဇွန်လ (၁၅) ရက်နေ့မှ (၂၀) ရက်နေ့အတွင်း ဆောင်ရွက်သွားမည်ဟု သိရသည်။ 

Placement Test ဖြေဆိုခွင့်လျှောက်လွှာများကို မြို့နယ်ပညာရေးမှူးရုံးများတွင် မေလ (၂၂) ရက်နေ့မှ စ၍ ပိတ်ရက်မရှိ အခမဲ့ ထုတ်ယူကာ ဇွန်လ (၅) ရက်နေ့ နောက်ဆုံးထား၍ လျှောက်လွှာတင်သွင်းနိုင်သည်။

လျှောက်ထားသူသည် လျှောက်လွှာနှင့်အတူ မိမိနောက်ဆုံးတက်ရောက်ခဲ့သည့်ကျောင်းမှ နောက်ဆုံးအောင်မြင်ခဲ့သည့်အတန်းအတွက် ကျောင်းထောက်ခံချက်မူရင်းနှင့် မွေးစာရင်း (သို့) အိမ်ထောင်စုစာရင်းမူရင်းတို့ကို ပြသရမည်။

လျှောက်ထားသူသည် အခြေခံပညာကျောင်း (သို့) ကိုယ်ပိုင်ကျောင်း (သို့) ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ပညာသင်ယူခဲ့ဖူးသူဖြစ်ရမည်။

Placement Test ဖြေဆိုသည့်အခါ မိမိအသက်အရွယ်အရ တက်ရောက်ရမည့် တစ်ဆင့်နိမ့်အတန်းကို ဖြေဆိုရမည်။ (ဥပမာ - Grade 9 တက်ရောက်မည့်သူများသည် Grade 8 ကို ဖြေဆိုရမည်။)

လျှောက်ထားသူသည် အသက်အရွယ်အရ တက်ရောက်ရမည့်အတန်းထက် အဆင့်နိမ့်အတန်းကို တက်ရောက်လိုပါကလည်း ၎င်းအတန်း၏ တစ်ဆင့်နိမ့်အတန်းကို ဖြေဆိုရမည်။ (ဥပမာ - အသက်အရွယ်အရ Grade 9 တက်ရောက်ရမည့် ကျောင်းသားသည် မိမိဆန္ဒအရ Grade 7 ကိုသာ တက်ရောက်လိုပါက Grade 6 ကို ဖြေဆိုရမည်။)

အောင်စာရင်းများကို ဇူလိုင်လ (၁) ရက်နေ့တွင် တစ်နိုင်ငံလုံး တပြိုင်တည်း ထုတ်ပြန်ကြေညာမည်ဖြစ်ပြီး အတန်းတက်ရောက်ခွင့်ရရှိသူများသည် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှစ၍ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ယူရပါမည်။

လျှောက်ထားသူသည် Placement Test ကျရှုံးပါက မိမိဖြေဆိုထားသည့် Placement Test အတန်းကိုသာ တက်ရောက်သင်ယူရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ပညာရေးဝန်ကြီးဌာနမှ ထုတ်ပေးထားသည့် သတ်မှတ်လျှောက်လွှာအတိုင်း ပြည့်စုံစွာ ဖြည့်စွက်ရမည်။ ပြည့်စုံမှုမရှိသော လျှောက်လွှာများ၊ သတ်မှတ်ရက်အတွင်း တင်ပြနိုင်ခြင်းမရှိသည့် လျှောက်လွှာများအား ပယ်ဖျက်မည်ဖြစ်သည်။

Placement Test ဖြေဆိုရမည့်အစီအစဉ်နှင့် ဖြေဆိုရမည့် စာစစ်ဌာနများကို မိမိလျှောက်လွှာတင်ထားသည့် မြို့နယ်ပညာရေးမှူးရုံးထံတွင် စုံစမ်းရမည်ဖြစ်ပြီး သတ်မှတ်နေရာနှင့် နေ့ရက်အတွင်း ဖြေဆိုနိုင်ခြင်းမရှိပါကလည်း ဖြေဆိုသူစာရင်းမှ ပယ်ဖျက်ခံရပါမည်။

Placement Test ဖြေဆိုသည့်အခါ ပညာရေးဝန်ကြီးဌာနက သတ်မှတ်ထားသော ကျောင်းဝတ်စုံ (အဖြူ၊ အစိမ်း) ကိုသာ ဝတ်ဆင်ရပါမည်။ 

Source - 

==========================================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News Primary Secondary Read 127 times