သင်ခန်းစာတစ်ခုကို စနစ်တကျ ပြင်ဆင်ခြင်းဟာ ထိရောက်တဲ့ သင်ကြားသင်ယူမှု ဖြစ်မြောက်ဖို့အတွက် အခြေခံအကျဆုံး လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်။ သင်ခန်းစာ အစီအစဉ် (Lesson Plan) တစ်ခု ကောင်းမွန်မှသာ ဆရာအနေနဲ့ ဘာကို သင်မှာလဲ၊ ဘယ်လို နည်းစနစ်တွေ သုံးမှာလဲနဲ့ ကျောင်းသားတွေ တကယ် နားလည်သွားသလားဆိုတာကို တိတိကျကျ တိုင်းတာနိုင်မှာ ဖြစ်ပါတယ်။
အခု မျှဝေပေးမယ့် အဆင့် (၁၂) ဆင့်ဟာ ပညာရေးဝန်ကြီးဌာန လမ်းညွှန်ချက်နှင့်အညီ ရေးဆွဲထားပြီး ဆရာဗဟိုပြုသင်ကြားမှုကနေ ကျောင်းသားဗဟိုပြု (Student-Centered) သင်ကြားမှုဆီ ကူးပြောင်းရာမှာ များစွာ အထောက်အကူပြုစေမှာပါ။
အတန်းအလိုက်၊ ဘာသာရပ်အလိုက် သင်ခန်းစာတစ်ခုကို အကောင်းဆုံး အစီအစဉ် ရေးဆွဲနိုင်ဖို့ ထည့်သွင်းစဉ်းစားရမယ့် အချက်တွေကို အောက်မှာ အသေးစိတ် လေ့လာကြည့်နိုင်ပါတယ်။
၁။ သင်ခန်းစာ - သင်၏ သင်ခန်းစာခေါင်းစဉ်/အကြောင်းအရာကို ဆုံးဖြတ်ပါ။
၂။ ယခင်ရှိပြီးအသိပညာ - ကျောင်းသားများ မည်သည်ကို သိရှိပြီးဖြစ်သည်နှင့် မည်သည်ကို လေ့လာခဲ့ပြီး ဖြစ်သည်ကို ထည့်သွင်းစဉ်းစားပါ။
၃။ သင်ယူမှု ရည်မှန်းချက်များ - သင်ခန်းစာ၏ ရည်ရွယ်ချက်ကို ချမှတ်ပါ။
၄။ သင်ယူမှုရလဒ်များ - ဤသင်ခန်းစာပြီးဆုံးချိန်တွင် ကျောင်းသားများအနေဖြင့် မည်သည်ကို သိရှိလာမည် နှင့် မည်သည်တို့ကို လုပ်ဆောင်နိုင်မည်တို့ကို ဆုံးဖြတ်ပါ။
၅။ အောင်မြင်မှုစံနှုန်း - ကျောင်းသားများ သင်ယူမှုရလဒ်များ ပြည့်မီခဲ့ခြင်း ရှိ/မရှိကို ဆုံးဖြတ်ရန် စံသတ်မှတ်ချက်များ ချမှတ်ပါ။
၆။ သင်ကြား/သင်ယူမှု ချဉ်းကပ်နည်းလမ်းများ - သင်ခန်းစာကို ဆရာဗဟိုပြု သင်ခန်းစာအဖြစ် သော်လည်းကောင်း၊ ကျောင်းသားဗဟိုပြု သင်ခန်းစာအဖြစ် သော်လည်းကောင်း၊ မည်သို့ သင်ကြားမည်ကို ဆုံးဖြတ်ပါ။
၇။ သင်ကြား/သင်ယူမှု နည်းဗျူဟာများ - မည်သည့် နည်းဗျူဟာများကို သင် အသုံးပြုမည်ကို ဆုံးဖြတ်ပါ (ဥပမာ - စုံစမ်းမေးမြန်းခြင်းနည်း၊ စီမံချက်အခြေပြုနည်း၊ တိုက်ရိုက်ညွှန်ကြားနည်း အစရှိသည်ဖြင့်)။
၈။ သင်ကြား/သင်ယူမှု နည်းလမ်းများနှင့် နည်းစနစ်များ - မည်သည့် သင်ကြားနည်းများနှင့် နည်းပညာများကို သင် အသုံးပြုမည်ကို ဆုံးဖြတ်ပါ (ဥပမာ - မေးခွန်းမေးမြန်းခြင်း၊ သရုပ်ဆောင်သင်ကြားသင်ယူခြင်း၊ တွေး-တွဲ-မျှဝေ သင်ယူခြင်း အစရှိသည်ဖြင့်)။
၉။ သင်ကြား/သင်ယူမှု အထောက်အကူများနှင့် နည်းပညာများ - သင်ခန်းစာအတွက် မည်သည့်ပစ္စည်းများနှင့် ရင်းမြစ်များ လိုအပ်မည်ကို ဆုံးဖြတ်ပါ (ဥပမာ - စာအုပ်များ၊ ကွန်ပျူတာများ၊ ပုံဆွဲပစ္စည်းများနှင့် စက္ကူများ အစရှိသည်ဖြင့်)။
၁ဝ။ သင်ခန်းစာ၏ အဆင့်များ (နိဒါန်း၊ သင်ခန်းစာ အကြောင်းအရာ/အဓိကအပိုင်း၊ ပြန်လည်ဆန်းစစ်ခြင်း) - ဆရာလုပ်ငန်းနှင့် ကျောင်းသားလုပ်ငန်းများ၏ အဆင့်သုံးဆင့်တွင် အဆင့်တစ်ခုစီဖြစ်သည့် နိဒါန်း၊ သင်ခန်းစာအလယ်ပိုင်း၊ ပြန်လည်ဆန်းစစ်ခြင်းတို့အတွက် အချိန်သတ်မှတ်ချက်ကို ဆုံးဖြတ်ပါ။
၁၁။ လိုအပ်ချက်အလိုက် လုပ်ဆောင်ခြင်း - ကျောင်းသားတစ်ဦးချင်းစီ၏ လိုအပ်ချက်များ ပြည့်မီစေရန် သင်ခန်းစာကို သင် မည်ကဲ့သို့ ပြုပြင်ပြောင်းလဲမည်ကို စဉ်းစားဆုံးဖြတ်ပါ။
၁၂။ ပြန်လည်သုံးသပ်ခြင်း - သင်ခန်းစာသင်ကြားမှု ပြီးဆုံးပြီးနောက် သင်ကြား/သင်ယူမှုကို ဝေဖန်သုံးသပ် အကဲဖြတ်ပါ။ ဤသင်ခန်းစာသည် “ဆရာများအတွက် အဓိကတတ်ကျွမ်းမှု စံသတ်မှတ်ချက်' ၏ မည်သည့် စံသတ်မှတ်ချက်များကို ပြည့်မီစေကြောင်းကိုလည်း စဉ်းစားဆုံးဖြတ်ပါ။