တစ်လကျော်အတွင်း အောင်စာရင်းထုတ်ပြန်မှုအပေါ် နီပေါကျောင်းသားများ မကျေနပ်

နီပေါနိုင်ငံ အမျိုးသားစာမေးပွဲဘုတ်အဖွဲ့ (NEB) သည် ယခုနှစ် (၁၂) တန်းစာမေးပွဲရလဒ်များကို စာမေးပွဲဖြေဆိုပြီး ရက် (၄၀) အတွင်း ထုတ်ပြန်ခဲ့ပြီး၊ (၁၀) တန်းစာမေးပွဲ ရလဒ်များကိုမူ (၂၉) ရက်အတွင်း ထုတ်ပြန်ခဲ့သည်။

ယခင်နှစ်များက စာမေးပွဲရလဒ်ထုတ်ပြန်ရန် ရက်ပေါင်း (၇၀) မှ (၉၀) အထိ ကြာမြင့်ခဲ့ရာမှ ယခုကဲ့သို့ အချိန်ကာလကို လျှော့ချနိုင်ခဲ့သည့်အတွက် အစိုးရနှင့် စာမေးပွဲဘုတ်အဖွဲ့တို့ ချီးမွမ်းခြင်းခံခဲ့ရသည်။

သို့သော်လည်း ယခုကဲ့သို့ အချိန်တိုအတွင်း အလျင်အမြန် ထုတ်ပြန်နိုင်ခဲ့ခြင်းကြောင့် အဖြေလွှာစစ်ဆေးခြင်းလုပ်ငန်းစဉ်၏ ယုံကြည်စိတ်ချရမှုအပေါ် ပြင်းထန်သော စိုးရိမ်ပူပန်မှုများလည်း ထွက်ပေါ်လာခဲ့သည်။

ပြီးခဲ့သည့်အပတ်က မိမိတို့ရရှိသည့် အမှတ်အပေါ် မကျေနပ်ကြသော (၁၂) တန်းကျောင်းသားများသည် Kathmandu မြို့ရှိ Maitighar Mandala တွင် ဆန္ဒပြခဲ့ကြပြီး ပညာရေးနှင့် အားကစားဝန်ကြီး Sasmit Pokharel ကို ရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုခဲ့ကြသည်။

ယခုနှစ်တွင် မိမိတို့ရမှတ်အပေါ် မကျေနပ်သည့် (၁၂) တန်းကျောင်းသား (၃၂,၈၀၀) ဦးနှင့် (၁၀) တန်းကျောင်းသား (၃၂,၂၀၀) ဦးသည် အမှတ်ပြန်လည်တွက်ချက်ပေးရန် လျှောက်ထားကြောင်း သိရသည်။ 

စာမေးပွဲထိန်းချုပ်ရေးရုံး၏ မှတ်တမ်းများအရ အဆိုပါ (၁၀) တန်း ကျောင်းသား (၃၂,၂၀၀) ဦးအနက် (၁,၈၇၉) ဦး၏ ရလဒ်များကို ပြန်လည်ပြင်ဆင်ပေးခဲ့ရကြောင်း သိရသည်။

ဆိုလိုသည်မှာ ယခုနှစ်တွင် လျှောက်ထားသူစုစုပေါင်း၏ (၅.၈၁%) ကို အမှတ်ပြင်ဆင်ပေးခဲ့ရပြီး ယခင်နှစ်က လျှောက်ထားသူ (၂၆,၃၀၀) ဦးအနက် (၈၉၀) ဦး (၃.၃၂%) သာ အမှတ်ပြင်ဆင်မှု ရှိခဲ့သည်။

ယခင်နှစ်က အမှတ်ပြန်လည်တွက်ချက်ရန် လျှောက်ထားသော (၁၂) တန်းကျောင်းသား၊ (၄၂,၂၀၀) ဦးရှိခဲ့ရာ (၃%) ခန့်သာ ရလဒ်ပြောင်းလဲခဲ့သည်။

ယခုနှစ်တွင် မိမိတို့ရမှတ်အပေါ် မကျေနပ်သည့် (၁၂) တန်းကျောင်းသား (၃၂,၈၀၀) ဦးသာရှိသော်လည်း စာမေးပွဲအမှားအယွင်းနှုန်းကိုမူ လက်ရှိဆောင်ရွက်နေသော အမှတ်ပြန်လည်တွက်ချက်မှုလုပ်ငန်းစဉ် ပြီးစီးသွားမှသာ သိရှိနိုင်မည် ဖြစ်သည်။

စာမေးပွဲရလဒ်များကို အလျင်စလို ထုတ်ပြန်ခဲ့ခြင်းကြောင့် အမှတ်စာရင်းတွက်ချက်မှုအမှားအယွင်းများ ပိုမိုများပြားလာရသည်ဟူသော ဝေဖန်မှုအပေါ် ဝန်ကြီး Pokharel က ရလဒ်များကို စောစီးစွာထုတ်ပြန်နိုင်ခဲ့ခြင်းမှာ လူအင်အား ပိုမိုဖြည့်တင်းခြင်းနှင့် လုပ်ထုံးလုပ်နည်းကြန့်ကြာမှုများကို လျှော့ချခြင်းကြောင့်ဖြစ်ပြီး၊ အဖြေလွှာစစ်ဆေးခြင်းလုပ်ငန်းစဉ်ကို အထိခိုက်ခံခြင်းမဟုတ်ကြောင်း ပြောကြားခဲ့သည်။

လက်ရှိတွင် ကျောင်းသားများသည် အမှတ်ပြန်လည်တွက်ချက်ခွင့် လျှောက်ထားရာတွင် (၁၀) တန်းအတွက် တစ်ဘာသာလျှင် ရူပီး (၅၀၀) နှင့် (၁၂) တန်းအတွက် တစ်ဘာသာလျှင် ရူပီး (၁,၀၀၀) ပေးဆောင်ရပြီး ဘုတ်အဖွဲ့၏ အမှတ်ပေးလုပ်ငန်းစဉ်အတွင်း ကျူးလွန်ခဲ့သောအမှားများကို ပြင်ဆင်ရန်အတွက် ကျောင်းသားများဘက်မှ ပိုက်ဆံမပေးဆောင်သင့်ကြောင်း ဝေဖန်ကြသည်။

Source - Asia News Network

International News Read 12 times