စကော့တလန်တွင် လက်တွေ့ဘာသာရပ်အချို့အတွက် စာမေးပွဲများ ဖြုတ်ချမည်


နိုင်ငံတော် တိုးတက်ပြောင်းလဲရေး မူဝါဒ၏ တစ်စိတ်တစ်ပိုင်းအဖြစ် လာမည့်စာသင်နှစ် ၂၀၂၅ - ၂၀၂၆ ခုနှစ်မှစ၍ စကော့တလန်နိုင်ငံရှိ ကျောင်းများတွင် လက်တွေ့ဘာသာရပ်အချို့မှ စာမေးပွဲများကို ဖြုတ်ချတော့မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ 

 

စကော့တလန်တွင် လာမည့် စာသင်နှစ် စတင်သောအခါတွင် လက်တွေ့ဘာသာရပ်အချို့မှ စာမေးပွဲများကို ဖယ်ရှားမည်ဖြစ်ပြီး ရေးဖြေစာမေးပွဲများသည် လက်တွေ့ကျသော ဘာသာရပ်အချို့အတွက် အထောက်အကူမဖြစ်ကြောင်း စက်တင်ဘာလ (၄) ရက်နေ့တွင် ပြောကြားခဲ့သည်။ 

 

ဤလုပ်ဆောင်မှုသည် ဖြစ်နိုင်ခြေရှိသည်ဟု ယခင်က ညွှန်ပြခဲ့သော်လည်း အစိုးရ၏ ပထမဆုံးသော ဝန်ကြီး John Swinney မှ စက်တင်ဘာလ (၄) ရက်နေ့တွင် အတိအလင်း တရားဝင်ပြောကြားခဲ့ခြင်းဖြစ်သည်။ 

 

စကော့တလန်အစိုးရသည် ကျောင်းများတွင် စံချိန်စံညွှန်းများ မြှင့်တင်မည်ဖြစ်ပြီး ရည်ရွယ်ချက်မှာ ၂၀၂၅ - ၂၀၂၆ ခုနှစ်တွင် စာတွေ့လက်တွေ့ ဘာသာရပ်အချို့မှ ရေးဖြေစာမေးပွဲများကို ဖယ်ရှားခြင်းကဲ့သို့သော ကျောင်းသားများအား အကဲဖြတ်စစ်ဆေးမှု ချဉ်းကပ်ပုံကို ပိုမိုကောင်းမွန်စေရန်နှင့် ကွဲပြားစေရန်ဖြစ်သည်။ 

 

ဩဂုတ်လတွင် ပြုလုပ်ခဲ့သော BBC’s Good Morning စကော့တလန် ရေဒီယို အစီအစဉ်တွင် ပညာရေးအတွင်းဝန် Jenny Gilruth က အရည်အချင်းသတ်မှတ်ချက်အချို့အတွက် စာမေးပွဲအရေအတွက်ကို အမြန်ဆုံး လျှော့ချရန် Scottish Qualifications Authority (SQA) အား တောင်းဆိုခဲ့သည်။

 

SQA စာမေးပွဲရလဒ်ထွက်ရှိပြီး The Times နှင့် အင်တာဗျူးတစ်ခုတွင်လည်း Jenny Gilruth က SQA သည် အတန်းတင်စာမေးပွဲတွင် မသင့်လျော်သော "လက်တွေ့ဘာသာရပ်များ" အတွက် စာမေးပွဲများကို ဖြုတ်ချရန် စီစဉ်နေကြောင်း ပြောကြားခဲ့သည်။ ဆိုလိုသည်မှာ ရေးဖြေစာမေးပွဲများထက် လက်တွေ့ ကျွမ်းကျင်မှု ပိုအရေးကြီးသည့် ဘာသာရပ်များကို အလေးပေးနေခြင်းဖြစ်သည်။

 

လက်တွေ့လုပ်ဆောင်ရမည့် ဘာသာရပ်များအတွက် ရေးဖြေစာမေးပွဲ ဖြေဆိုရခြင်းသည် ကျောင်းသားများအား အခက်အခဲဖြစ်စေသလို ဆရာများလည်း မကျေနပ်ကြပေ။ အကြောင်းမှာ ပရောဂျက်များ ဖန်တီးရာတွင် ကျွမ်းကျင်သော ကျောင်းသားများကို ရေးဖြေစာမေးပွဲတွင် ကောင်းစွာမဖြေဆိုနိုင်သည့်အတွက် အရည်ချင်းမပြည့်မီခြင်း၊ အမှတ်နည်းခြင်းစသည့် တရားမမျှတသည့် စာမေးပွဲရလဒ်များအတွက် ဆရာအများအပြားက မကျေနပ်ခဲ့ကြပေ။ 

 

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၄) ရက်နေ့တွင် ပြောကြားခဲ့သည့် စကော့တလန် အစိုးရ၏ ပညာရေးဆိုင်ရာ ညွှန်ကြားချက်တွင် လက်တွေ့လုပ်ဆောင်ရန် လိုအပ်သည့် ဘာသာရပ်များအတွက် ရေးဖြေစာမေးပွဲများ ဖယ်ရှားခြင်းအပြင် အောက်ပါကဏ္ဍတို့လည်း ပါဝင်သည်။ 

 

- ကျောင်းပျက်ကွက်ခြင်းကို လျှော့ချရန်နှင့် ကျောင်းတက်ရောက်မှု များစေရန် ကျောင်းများကို ပံ့ပိုးပေးခြင်း၊ ဒေတာကို ပုံမှန်စောင့်ကြည့်ခြင်းနှင့် လိုအပ်သည့်အခါ အရေးယူဆောင်ရွက်ခြင်းများ လုပ်ဆောင်ရန် 

- ကျောင်းများတွင် ဆက်ဆံရေးနှင့် အပြုအမူများ ပိုမိုကောင်းမွန်လာစေရန် ၂၀၂၄ - ၂၀၂၇ ခုနှစ်အတွက် လုပ်ဆောင်ရန် ချမှတ်ထားသည့် အစီအစဉ်အား အကောင်အထည်ဖော်ရန်နှင့် နှစ်စဉ်တိုးတက်မှု အစီရင်ခံစာများ ရေးသားရန်

- ဆင်းရဲနွမ်းပါးမှု ဒဏ်ခံရသော ကျောင်းသားများအတွက် ပညာရေးဆိုင်ရာ ရလဒ်များ တိုးတက်ကောင်းမွန်လာစေရန် ကြိုးပမ်းဆောင်ရွက်သွားရန်

- သင်္ချာပညာရှင်များမှ ဦးဆောင်သော သင်္ချာနှင့် ဂဏန်းတွက်ခြင်းဆိုင်ရာ သင်ရိုးညွှန်းတမ်း တိုးတက်မှုစက်ဝန်းအား အကောင်အထည်ဖော်ရန် တို့ဖြစ်သည်။ 

 

Source - TES

 

International News Read 42 times