မလေးရှားနိုင်ငံ အောက်လွှတ်တော်မှ ပြောခွင့်ဆိုခွင့်ရှိသူသည် ၁၉၉၆ ခုနှစ်၊ ပညာရေးဥပဒေအောက်က "မသင်မနေရပညာရေး" တွင် မူလတန်းအပြင် အထက်တန်းအထိပါ တိုးချဲ့ပြင်ဆင်ထားသည့် ၂၀၂၅ ခုနှစ် ဥပဒေကြမ်းကို အတည်ပြုခဲ့သည်။
အဆိုပါပြင်ဆင်ချက်တွင် နိုင်ငံတွင်းနေထိုင်သော မလေးရှားကလေးငယ်များအားလုံးအတွက် အထက်တန်းအထိ မသင်မနေရ ပညာရေးအဖြစ် သတ်မှတ်ရန် ပုဒ်မ (၃၅-က) ကို စတင် မိတ်ဆက်ခဲ့သည်။
ခိုင်လုံသည့် အကြောင်းပြချက် တရားဝင် မပေးနိုင်ပါက မိဘများသည် အသက် (၆) နှစ်ပြည့်ပြီးသော ကလေးတိုင်းကို မူလတန်းသို့ ပို့ရမည်ဖြစ်ပြီး အထက်တန်းအထိ ကျောင်းထားပေးရန် လိုအပ်သည်။
အမိန့်မလိုက်နာသော မိဘများသည် ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက ငွေဒဏ် (၅,၀၀၀) အထိဖြစ်စေ၊ ထောင်ဒဏ် (၆) လအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်သည်။
သို့သော်လည်း ပြစ်ဒဏ်ချမှတ်ခြင်းထက် အသိပညာပေးခြင်းကို ပိုမိုလုပ်ဆောင်ပြီး ကလေးတိုင်း ပညာသင်ကြားနိုင်ခွင့်ကို မြှင့်တင်ရန် ရည်ရွယ်ကြောင်း ပညာရေးဝန်ကြီး Fadhlina Sidek က ဆိုသည်။
အဆိုပါဥပဒေကို လိုက်နာကျင့်သုံးမည်ဆိုပါက SPM (မလေးရှားအထက်တန်းစာမေးပွဲ) ဖြေဆိုမှုနှုန်း မြင့်တက်လာမည်ဖြစ်ပြီး အလယ်တန်းနှင့် အထက်တန်းတက်ရောက်မှုနှုန်း ကွာဟချက်ကိုလည်း လျှော့ချနိုင်မည်ဟု ပညာရေးဝန်ကြီးက ပြောကြားခဲ့သည်။
အောက်လွှတ်တော်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် Teresa Kok က အထက်တန်းပညာရေးကို မသင်မနေရ မပြုလုပ်မီ ကျောင်းထွက်ရခြင်း၏ ဇစ်မြစ်ကို ဖြေရှင်းပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
“ဆင်းရဲမွဲတေမှု၊ မိသားစုပြဿနာများ (သို့) ပညာရေးကို စိတ်ဝင်စားမှုမရှိခြင်းကြောင့် ကျောင်းသားအများအပြား ကျောင်းထွက်ခဲ့ကြသည်” ဟု သူမက ဆိုသည်။ ဝင်ငွေနည်းသော မိဘများအား ပြစ်ဒဏ်ပေးခြင်းသည် တရားမျှတမှုမရှိဘဲ ဝန်ထုပ်ဝန်ပိုးသာဖြစ်ကြောင်း Kok က သတိပေးခဲ့သည်။
ဆင်းရဲမွဲတေမှုနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများအား Fadhlina Sidek က ဝန်ကြီးဌာနသည် ပြစ်ဒဏ်ပေးခြင်းထက် ပံ့ပိုးကူညီမှုကို ဦးစားပေး လုပ်ဆောင်မည်ဖြစ်ကြောင်း အလေးပေး ပြောကြားခဲ့သည်။
"ပြစ်ဒဏ်ခတ်အရေးယူမှုများသည် ဥပဒေ၏ အဓိကအချက် မဟုတ်ပေ၊ ကျွန်ုပ်တို့က ပညာသင်ဆုများ၊ ကျောင်းဝတ်စုံများ စသည့် ကျောင်းနှင့်ပတ်သက်သော အထောက်အပံ့များကို ပံ့ပိုးပြီး ကလေးများ ကျောင်းမထွက်စေရေးသာ အာရုံစိုက်ထားသည်" ဟု ပြောကြားခဲ့သည်။
Source - Asia News Network (ANN)