THE MYANMAR EDUCATION GUIDE

HOME >> >> Latest Post
Latest Post

အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း(၂၀၂၁-၂၀၃၀)ရေးရာတွင်ကျောင်းသားသမဂ္ဂများ၊ကျောင်းသားများနှင့်ဆွေးနွေး


အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ပြုစုရေးအတွက် ကျောင်းသားသမဂ္ဂ များ၊ ကျောင်းသားကျောင်းသူများနှင့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉း၀၀ နာရီတွင် နေပြည်တော်၊ ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) မှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ပညာရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ် များ၊ ကျောင်းသားသမဂ္ဂများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံများမှ ကျောင်းသားကျောင်းသူများ၊ ကိုယ်စားလှယ်များနှင့်သက်ဆိုင်ရာတာဝန်ရှိသူများ ပါဝင်ဆွေးနွေးကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ယနေ့ အစည်းအဝေးသည် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း(၂၀၂၁-၂၀၃၀) ပြုစုရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာကြီးတွင် ယဉ်ကျေးမှုများသည် ခေတ်စနစ်အခြေအနေများနှင့်အညီ လိုက်လျောညီထွေစွာ ပြောင်းလဲနေပါကြောင်း၊ လူသားကောင်းယဉ်ကျေးမှု(Global citizenship culture) သည် အရေးကြီးသလို သင်ယူခြင်း ယဉ်ကျေးမှု (Learning culture) သည်လည်း အလွန်အရေးကြီးပါကြောင်း၊ လူတိုင်း အခြေခံစာ ဖတ်တတ်၊ ရေးတတ်၊ တွက်တတ်မည်ဆိုပါက တစ်သက်တာလုံး သင်ယူနိုင်မှာဖြစ်ပါကြောင်း၊ သို့သော် နှစ်ပေါင်းများစွာ ပညာရေး အားနည်းခဲ့ပါသဖြင့် အရည်အသွေးရှိသော ပညာရေးကို ဦးတည်၍ မည်သည့်ခွဲခြားမှုမျှမရှိဘဲ သင်ယူမှုအခွင့်အလမ်းရရှိအောင် အားပေးမြှင့်တင် ဆောင်ရွက်ပေးနေပါကြောင်း၊

ကလေးငယ်များ၊ ကျောင်းသား ကျောင်းသူများ၊ တစ်သက်တာသင်ယူသူများ အားလုံးတို့၏ သင်ယူတတ်မြောက်မှု အရည်အသွေးပိုမို ကောင်းမွန်ရေး အတွက် ဆွေးနွေးသည့် ယဉ်ကျေးမှု (Discussion culture)၊ ပူးပေါင်း ဆောင်ရွက်သည့် ယဉ်ကျေးမှုများ (Cooperation and collaboration culture) တို့ကို ပိုမိုမြှင့်တင် ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊၊ ယနေ့အစည်းအဝေးတွင် အရေးကြီးသည့် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်းနှင့် စပ်လျဉ်း၍ ကျောင်းသားသမဂ္ဂများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံများမှ ကျောင်းသား ကျောင်းသူများ၊ ကိုယ်စားလှယ်များ အားလုံး ပူးပေါင်းဆောင်ရွက်ပေးနေသည်များကို ပညာရေးဝန်ကြီးဌာနအနေဖြင့် အလွန်ကျေးဇူးတင် ဝမ်းမြောက်မှတ်တမ်းတင်ပါကြောင်း၊

စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်း (OECD – Organisation for Economic Cooperation and Development) ၏ Future of Education and Skills 2030, OECD Learning Compass 2030 အစီရင်ခံစာ၊ စာမျက်နှာ ၁၂ တွင် ၁၉ ရာစု၊ ၂၀ ရာစုနှင့် ယနေ့ ၂၁ ရာစု မျှော်မှန်းချက်တို့ အတွက် လူ့အဖွဲ့အစည်းများ၊ စက်မှုလုပ်ငန်းများနှင့် ပညာရေး ပြုပြင်ပြောင်းလဲ ဆောင်ရွက်မှု အခြေအနေများ ဖော်ပြချက်တို့ကို ကြည့်ပါကလည်း ယခုကဲ့သို့ တွေ့ရှိရမည်ဖြစ်ပါကြောင်း၊

၁၉ ရာစုတွင် ကမ္ဘာပေါ်၌ ပြည်တွင်းစစ်၊ လူမျိုးရေး အသားအရောင် ခွဲခြားမှု၊ ကိုလိုနီစနစ်၊ နယ်ချဲ့ဝါဒတို့ အင်အားကောင်းခြင်း၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုတွင် လျှပ်စစ်၊ တယ်လီဖုန်းတို့ တီထွင်ဖန်တီးခြင်း၊ စက်မှုလုပ်ငန်းတွင် ရေနံချက်စက်ရုံ၊ အဝတ်အထည် စက်ရုံ၊ ထုတ်ကုန်များများမှ အမြတ်များများရရန်၊ လူသားများ သည်လည်း ဝင်ငွေများလာ၍ လူနေမှုဘဝပုံစံမြှင့်တင်လာနိုင်ခြင်း၊ လုပ်ငန်းအဖွဲ့အစည်းများ မှာလည်း လူစုလူဝေးဖြင့် စက်ရုံ အလုပ်ရုံများတွင် လုပ်ကိုင်ခြင်း၊ ပညာရေးမှာ လည်း အစိုးရ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းများသာ ဖွင့်လှစ်ခြင်း၊ သင်ရိုးညွှန်းတမ်းမှာလည်း လုပ်သား ဈေးကွက်နှင့် အလုပ်ရရှိရေးကိုသာ ဦးတည်သည့် အပြောင်းအလဲမရှိသော စံသတ်မှတ်ချက်ဖြင့် ဘာသာစကားနှင့် သင်္ချာတို့ကို အဓိက သင်ကြားခြင်း တို့ကိုတွေ့ရှိရပါကြောင်း၊

၂၀ ရာစုတွင် ကမ္ဘာပေါ်၌ ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ် များ ဖြစ်ပွားခြင်း၊ နိုင်ငံအများစု လွတ်လပ်ရေး ရရှိခြင်း၊ စစ်အေးကာလ ကျော်ဖြတ်ရခြင်း၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုတွင် အင်တာနက် အသုံးပြုနိုင်ခြင်း၊ စက်မှုလုပ်ငန်းနှင့် စီးပွားရေး လုပ်ငန်းများတွင် ကွန်ပျူတာ၊ အီလက်ထရောနစ်၊ ဘဏ္ဍာရေးတွင် automation technology တို့ကို အသုံးပြုလာခြင်း၊ Corporate social responsibility (CSR) ဆောင်ရွက်လာခြင်း၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရန် လိုအပ်လာခြင်း၊ လူသားများ သည်လည်း Globalisation ၊ လူဦးရေတိုးနှုန်း အဆမတန် မြင့်မားလာခြင်း၊ သတင်း ရရှိနိုင်မှု တိုးတက် များပြားလာခြင်း၊ လုပ်ငန်းအဖွဲ့အစည်းများမှာလည်း တာဝန်ယူ တာဝန်ခံ၍ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်လာခြင်း၊ ပညာရေးမှာလည်း အစိုးရ၊ ပုဂ္ဂလိက/ကိုယ်ပိုင်ကျောင်းများ တိုးချဲ့ဖွင့်လှစ်၍ ပြိုင်ဆိုင်မှုပြင်းထန်လာခြင်း၊ သင်ရိုးညွှန်းတမ်းတွင် အပြောင်းအလဲမရှိသော စံသတ်မှတ်ချက် ဖြစ်သော်လည်း ကာယပညာ၊ အခြားနယ်ပယ်တို့ တိုးချဲ့၍ လွတ်လပ်သည့် သင်ယူမှု အခွင့်အလမ်း ရှိလာခြင်း တို့ကိုတွေ့ရှိရပါကြောင်း၊

၂၁ ရာစုတွင် နိုင်ငံများအကြား အပြန်အလှန်မှီခိုမှု၊ ဗဟိုချုပ်ကိုင်မှု လျော့ချခြင်း၊ အကြမ်းဖက် တိုက်ခိုက်မှုများ၊ အမျိုးသားရေးဝါဒများ၊ post-truth (fake news)တို့၏ စိန်ခေါ်မှုများရှိလာခြင်း၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုတွင် ဆိုက်ဘာနည်းပညာ, Artificial Intelligence, 3-D printing, Robotics၊ ဆိုရှယ်မီဒီယာ, Internet of things, Big data, Digitalization များ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခြင်း ၊ စက်မှုလုပ်ငန်းနှင့် စီးပွားရေးလုပ်ငန်းများတွင် ဒီဂျစ်တယ် စီးပွားရေး၊ လူမှုရေးဆိုင်ရာ စွန့်ဦးတီထွင်မှုများရှိလာပြီး၊ စားသုံးသူများကလည်း ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုများဆောင်ရွက်လာခြင်း၊ တန်ဖိုးထားမှုများ စိတ်ခံစားမှုများ အဓိကကျလာခြင်း၊ CSR မှ Creating Shared Value (CSV) အလေးထားဆောင်ရွက်လာ၍ SDGs က ပို၍ အဓိကကျသော အခန်းကဏ္ဍ ဖြစ်လာခြင်း၊ လူသားများသည်လည်း သဘာဝနှင့် လူသား အတူယဉ်တွဲ၍ အရေးပါလာခြင်း၊ Sustainable Development, Green Growth တို့လည်း အရေးပါလာခြင်း၊ သဘာဝ သည်လည်း Human capital, Cultural capital နှင့် Social capital တို့ကဲ့သို့ အရေးပါလာခြင်း၊ ရွှေ့ပြောင်းနေထိုင်မှု၊ မြို့ပြ၊ လူ့သက်တမ်းရှည်ကြာမှုတို့ အရှိန်အဟုန် မြင့်မားလာခြင်း၊ မွေးဖွားနှုန်း လျော့နည်းလာခြင်း၊ မညီမျှမှုမြင့်မားလာခြင်း၊ သဘာဝပတ်ဝန်းကျင်ပျက်စီးလာခြင်း၊ ရာသီဥတု ပြောင်းလဲခြင်း၊ လုပ်ငန်းအဖွဲ့အစည်းများမှာလည်း အသင်းအဖွဲ့ စိတ်ဓာတ်ရှိမှု၊ တစ်သားတည်းရှိမှု၊ လိုက်လျောညီထွေ ပြင်ပြောင်း လွယ်မှု၊ ပွင့်လင်းမြင်သာမှုတို့ကို အခြေခံ၍ စုပေါင်းအင်အားဖြင့် တာဝန်ယူ တာဝန်ခံ ဆောင်ရွက်ခြင်း၊ ကျောင်းများအချင်းချင်းပူးပေါင်း ဆောင်ရွက်ခြင်း၊ ကျောင်းနှင့် လူမှုအဖွဲ့အစည်းများလည်း အဆင့်လိုက် ပူးပေါင်းဆောင်ရွက်ခြင်း၊ သင်ရိုးညွှန်းတမ်းမှာလည်း အပြန်အလှန် မှီခိုမှုအတွက် ပြင်ဆင်မှုအားကောင်းလာခြင်း၊ လူသားကောင်းအတွက် ပညာရေး၊ နက်နက်နဲနဲ ကျယ်ကျယ်ပြန့်ပြန့် သင်ယူခြင်း၊ နောက်ခံအခြေအနေနှင့် မျှော်မှန်းချက်မတူသူများအတွက် စုပေါင်းအင်အားဖြင့် တာဝန်ယူ တာဝန်ခံ၍ ဆုံးဖြတ်ပြီး တစ်သက်တာ ဒီဂျစ်တယ် သင်ယူမှုအခွင့်အလမ်း၊ တစ်သက်တာ ပေါင်းစပ်သင်ယူမှု အခွင့်အလမ်းများ ပံ့ပိုးဖြည့်ဆည်းဆောင်ရွက် ပေးရန်တို့ဖြစ်ပါကြောင်း၊

ထို့ကြောင့် New Normal သည် ဂေဟစနစ်၏ အစိတ်အပိုင်း ဖြစ်လာသလို သက်ဆိုင်သူများအားလုံး၏ ပူးပေါင်း ပါဝင်သည့် စုပေါင်းအင်အားဖြင့်သာ တာဝန်ယူ တာဝန်ခံ ဆုံးဖြတ် အကောင်အထည် ဖော်ရန်နှင့် ကျောင်းသားများ၊ ဆရာများ၊ ဝန်ထမ်းများကလည်း ဆန္ဒပြင်းပြစွာ တည်တည်ငြိမ်ငြိမ် ကြိုးကြိုးစားစား နက်နက်နဲနဲ ကျယ်ကျယ်ပြန့်ပြန့် သင်ယူရန် အရေးကြီးပါကြောင်း၊ ကျန်းမာ လုံခြုံသော သင်ယူမှုဝန်းကျင်ကောင်း နှင့် ကျောင်းသားများ၏ အနာဂတ် သုခချမ်းသာတို့ကို တန်ဖိုးထားသကဲ့သို့ ၂၁ ရာစု ကျွမ်းကျင်မှုများနှင့် စွမ်းဆောင်ရည်များကိုလည်း တန်ဖိုးထားရန် အရေးကြီးပါကြောင်း၊

ကျောင်းသားများကလည်း နောက်ခံအခြေအနေ မတူကွဲပြားခြားနားခြင်းနှင့် ပေါင်းစပ်သင်ယူမှုနယ်ပယ်အခြေအနေများ မတူကွဲပြားခြင်း တို့ကိုလည်း အသိအမှတ် ပြုရန် လိုအပ်ပါကြောင်း၊ ကွဲပြားခြားနားသော ရည်ရွယ်ချက်များအတွက် ပေါင်းစပ်သင်ယူမှုကလည်း တစ်သမတ်တည်း မဟုတ်သကဲ့သို့ မတူညီသော အကဲဖြတ်ခြင်း နည်းလမ်းအမျိုးမျိုးတို့ကို အသုံးပြုရန်လည်း အရေးပါလာပါကြောင်း၊ ကျောင်းများအားလုံးကိုလည်း အရည်အသွေးအာမခံမှု အတွက် တာဝန်ယူမှုရှိစေရေး၊ လေ့လာဆန်းစစ်အကဲဖြတ်ရန် မဟုတ်ဘဲ အရည်အသွေးရှိသည့် ပညာရေးစနစ်ကို စဉ်ဆက်မပြတ် အကောင်အထည် ဖော်မှုတွင်လည်း အကြံပြုဝေဖန်ချက်များတို့ကို အားပေးရမည်ဖြစ်ပါကြောင်း၊

အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) အရ ပညာရေး ပြုပြင်ပြောင်းလဲမှုများ ကို ဆောင်ရွက်ရာတွင် မည်သည့် ခွဲခြားမှုမျှ မရှိရေး၊ မည်သူတစ်ဦးတစ်ယောက်မျှမကျန်ရစ်စေရေး၊ ကျောင်းထွက်သူမရှိရေး၊ သင်ယူမှုမဆုံးရှုံးစေရေးဟူသော မူဝါဒများအပေါ် အခြေခံကာ ကျောင်းသားများ၊ တစ်သက်တာသင်ယူသူများ အားလုံးတို့ကို ကမ္ဘာ့ လူသားကောင်း ဖြစ်လာစေရေး၊ ပူးပေါင်း ဆောင်ရွက်တတ်ရေး၊ တာဝန်ယူမှု တာဝန်ခံမှု၊ ဆန်းသစ်တီထွင်မှုနှင့်ဖန်တီးမှု စသည့် မျှော်မှန်းရလဒ်များ ရရှိစေရန် ဦးတည် အကောင် အထည်ဖော်လျက် ရှိပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ပညာရေးတွင် ရင်းနှီးမြှုပ်နှံခြင်းကို အားပေးလျက် ဘဏ္ဍာရေး အသုံးစရိတ်များကို နှစ်စဉ်တိုးမြှင့်ခွင့်ပြု ပေးလျက် ရှိပါကြောင်း၊ သူငယ်တန်း+၁၂ တန်း အခြေခံပညာရေး သင်ရိုးသစ် ကျောင်းသုံးဖတ်စာအုပ်များ ပြုစုပြီး အခမဲ့ဖြန့်ဝေ ခဲ့ပါကြောင်း၊

ဆရာများအတွက် တတ်ကျွမ်းမှုစံသတ်မှတ်ချက် အညွှန်းဘောင် (Teacher Compentency Standard Framework – TCSF) အပေါ် အခြေခံ၍ ဆရာ ဆရာမများ ခန့်ထားခြင်း၊ ပြောင်းရွှေ့ခြင်း၊ ရာထူးတိုးခြင်းများ ဆောင်ရွက်ခြင်း၊ ဆရာ ဆရာမများအားလုံးတို့ကို သင်ကြားသင်ယူမှု နည်းစနစ်သစ်များဖြင့် ဆောင်ရွက်နိုင်သည့် စွမ်းရည်များ မြှင့်တင်ပေးရန်နှင့် ဆရာ ဆရာမများနှင့် စီမံခန့်ခွဲရေး ဝန်ထမ်းများအားလုံးတို့ကိုလည်း ကျွမ်းကျင်မှု ဖြည့်ဆည်းခြင်း (Reskilling)၊ ကျွမ်းကျင်မှုမြှင့်တင်ခြင်း (Upskilling)၊ စဉ်ဆက်မပြတ် ပရော်ဖက်ရှင်နယ် ဖွံ့ဖြိုးတိုးတက်မှု (Continuous Professional Development) အခွင့်အလမ်းများ ရရှိရန် သင်တန်း ပေးခြင်း၊ စစ်ဆေးအကဲဖြတ်မှုပြောင်းလဲခြင်း၊ ပညာသင်စရိတ် ချီးမြှင့်ခြင်း စသည်တို့ကို ဆောင်ရွက်လျက်ရှိပြီး တိုင်းရင်းသား ဒေသများကို ဦးစားပေး၍ နည်းပညာနှင့် အခြေခံ အဆောက်အအုံ လိုအပ်ချက်များ ပံ့ပိုးဖြည့်ဆည်းခြင်းတို့ကို ဆောင်ရွက်လျက် ရှိပါကြောင်း၊

ပညာရေး ဝန်ကြီးဌာနသည် မည်သည့် ပေးခြင်း/ယူခြင်း လုံးဝ ခွင့်မပြု ပါကြောင်း၊ အုပ်စုဖွဲ့၍ ကြီးနိုင်ငယ်ညှင်း ဆောင်ရွက်ခြင်းနှင့် ဘက်လိုက်ခြင်းများ ကို လုံးဝ ခွင့်မပြု ပါကြောင်း၊ လုပ်ငန်းအဖွဲ့ အစည်းများအတွင်း အသင်းအဖွဲ့စိတ်ဓာတ်ရှိရန် အရေးကြီးပါကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားသော ဆန္ဒ၊ ဝီရိယ၊ တည်ငြိမ်မှုနှင့် ပညာဆိုသည်မှာ အင်မတန် အရေးကြီးပါကြောင်း၊ ရိုးသားမှု၊ ကြိုးစားမှု၊ တည်ငြိမ်မှု၊ တစ်သက်တာ သင်ယူလိုစိတ် ပြင်းပြသော ဆန္ဒရှိမှုတို့မှာ ပြုပြင်ပြောင်းလဲ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အောင်မြင်မှုအတွက် အခြေခံများဖြစ်ပါကြောင်း၊

၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် မူလတန်း၊ အလယ်တန်း နှင့် အထက်တန်း ကျောင်းသားဦးရေ စုစုပေါင်း ၉.၇၁၆ သန်းအထိ ရှိလာပါကြောင်း၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ပြီးမြောက်သူ ကျောင်းသားဦးရေ တိုးတက်လာပါကြောင်း၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ပထမဆုံးအကြိမ် အထက်တန်းကျောင်းသားဦးရေ စုစုပေါင်း တစ်သန်းကျော်ရှိလာပါကြောင်း၊ သင်ကြားသင်ယူမှုနည်းလမ်း နှင့် စစ်ဆေး အကဲဖြတ်မှုအပိုင်းတို့ တွင်လည်း စဉ်းစားတွေးခေါ်မှု၊ ပြဿနာဖြေရှင်းနိုင်မှုတို့ကို အားပေးသော စစ်ဆေးအကဲဖြတ်ခြင်းများကို စတင် အသုံးပြု လာပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် သတ်မှတ်ချက် ၇ ချက်ကို ပြည့်မီသဖြင့် အထက်တန်းသင်ယူ ပြီးမြောက်သည့် လက်မှတ်ရရှိသူ ဦးရေ (၅၆၆၂၇၄) ရှိပါကြောင်း၊

အရှေ့တောင်အာရှ မူလတန်းသင်ယူတတ်မြောက်မှုဆန်းစစ်ချက် South-East Asia Primary Learning Matrix (SEA-PLM)၊ မူလတန်းအဆင့် စာဖတ်စွမ်းရည်နှင့် အရေးစွမ်းရည် အကဲဖြတ်မှု (Early Grade Reading and Writing Assessment – EGRWA)၊ မူလတန်းအဆင့် သင်္ချာစွမ်းရည်အကဲဖြတ်မှု (Early Grade Mathematics Assessment – EGMA) အစီရင်ခံစာများအရ မြန်မာနိုင်ငံ မူလတန်းကလေးငယ်များ သည် စာဖတ်ခြင်း၊ ရေးသားခြင်းနှင့် သင်္ချာစွမ်းရည်များ အားကောင်းသည်ဟု တွေ့ရှိရပါကြောင်း၊ သို့သော်လည်း ကျောင်းသား လူငယ်များ ကမ္ဘာ့လူသားကောင်းဖြစ်မှု (Global Citizenship)၊ ကောင်းမွန်သော သဘောထားအမြင် (Positive Attitudes) နှင့် တန်ဘိုးထားမှုများ (Values) အားကောင်းရန် လိုအပ်နေပါကြောင်း၊ မိဘများက ကျောင်းသား ကျောင်းသူများ၏ သင်ယူ တတ်မြောက်မှု အရည်အသွေး ကောင်းမွန် လာစေရေး မိဘဆရာအသင်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်နေပါကြောင်း၊

၂၀၁၆ မှ ၂၀၂၀ အထိ နိုင်ငံတကာသင်္ချာအိုလံပီယာ့ (International Mathematical Olympiad) တွင် အထက်တန်း ကျောင်းသားများ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် Honorary Mention (၆)ခု ရရှိရန် စွမ်းဆောင်နိုင်ခဲ့ပါကြောင်း၊ အမျိုးသားပညာအရည်အချင်းမူဘောင် (National Qualification Framework – NQF) သတ်မှတ်ချက်အရ အခြေခံပညာ အထက်တန်းသင်ယူပြီးမြောက်ကြောင်း လက်မှတ်ရရှိသူများ အနေဖြင့် Level 4 အသက်မွေးဝမ်းကျောင်းသင်တန်းများနှင့် Level 5 အသက်မွေးဝမ်းကျောင်း Diploma နှင့် Advanced Diploma သင်တန်းများအပြင် National Open University တို့ကို အဆင့်ဆင့် တက်ရောက်နိုင်မည် ဖြစ်သည့်အတွက် တစ်သက်တာ သင်ယူမှု (Life-long Learning) အခွင့်အလမ်းများကို အထောက်အကူပြုမည်ဖြစ်ပါကြောင်း၊

အရည်အသွေးရှိသော ပညာရေးအတွက် ဆရာများ၊ ဝန်ထမ်းများအားလုံးတို့၏ အင်္ဂလိပ်စာစွမ်းရည်၊ အိုင်စီတီနည်းပညာ စွမ်းရည်များသည် အခြေခံကျ၍ အရေးပါသလို ပညာရပ်နှင့် စီမံခန့်ခွဲရေး ဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ရန်နှင့် စိတ်ဓာတ်ရင့်ကျက် တည်ငြိမ်မှု၊ တစ်ပါးသူကို ကိုယ်ချင်းစာစိတ်ဖြင့် ပူးပေါင်းဆောင်ရွက်ပေးနိုင်မှု တို့မြှင့်တင်ရန်ကလည်း အရေးကြီးပါကြောင်း၊ တိုင်းရင်းသား ဒေသများ၏ လိုအပ်ချက် များတို့ကို ဦးစားပေး၍ ထောက်ပံ့ သွားရန်လည်း လိုအပ်သကဲ့သို့ အခြားဒေသများ၏ လိုအပ်ချက်နှင့် ဦးစားပေးလုပ်ငန်းများကိုလည်း ထိထိရောက်ရောက် ပွင့်လင်းမြင်သာ အကျိုးရှိရေး ဖြည့်ဆည်းပေးရန် လိုအပ်ပါကြောင်း၊ လိုအပ်ချက်များတို့ကို ဦးစားပေး အစီအစဉ်ဖြင့် ဘဏ္ဍာရေးဆိုင်ရာနှင့် စာရင်းစစ်ဆေးခြင်းဆိုင်ရာ ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်သူ့ဘဏ္ဍာငွေ အကျိုးရှိ ထိရောက်စွာ ထောက်ပံ့သွားရန် အရေးကြီးပါကြောင်း၊

အမျိုးသားပညာအရည်အချင်း အညွှန်းဘောင် (National Qualification Framework – NQF)၊ ခရက်ဒစ် လွှဲပြောင်းမှု စနစ်(Credit Transfer System – CTS)၊ အရည်အသွေးအာမခံမှု (Quality Assurance – QA)၊ အရည်အသွေးအသိအမှတ်ပြုမှု (Accreditation) တို့ကိုမူဝါဒ လုပ်ငန်းစဉ်များ၊ လုပ်ထုံးလုပ်နည်း များနှင့် အညီ သတ်မှတ် ဆောင်ရွက်သွားကြရရန်လည်း အရေးကြီးပါကြောင်း၊ ဒီဂျစ်တယ်နည်းပညာခေတ်တွင် တိုင်းရင်းသားဒေသများ ကို ဦးစားပေး၍ တစ်သက်တာ ပေါင်းစပ်သင်ယူမှု (Life-long Blended Learning) အခွင့်အလမ်းများ ဖြည့်ဆည်းဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ တက္ကသိုလ်၊ သိပ္ပံနှင့် ကျောင်းများတွင် မှတ်ပုံတင်ခြင်း၊ ငွေသွင်းခြင်း၊ အောင်လက်မှတ် ထုတ်ခြင်းတို့အတွက် ဒီဂျစ်တယ်/ အွန်လိုင်းစနစ်နှင့် ဒီဂျစ်တယ် ဘဏ်စနစ်တို့ကို စနစ်တကျ အားပေးဖြည့်ဆည်းရန် လိုအပ်ပါကြောင်း၊

နည်းပညာ၊ သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးကဏ္ဍတွင် ဒေသလိုအပ်ချက်နှင့် ကိုက်ညီသည့် ကာလတိုသင်တန်း၊ ဒီပလိုမာ သင်တန်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသကဲ့သို့ သင်ရိုးညွှန်းတမ်းများ အဆင့်မြှင့်တင်ခြင်းနှင့် ပေါင်းစပ်သင်ယူမှု အားပေးခြင်း တို့ကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

တက္ကသိုလ်များတွင် မဟာစီမံကိန်း (Master Plan) နှင့် တက္ကသိုလ်ပဋိညာဉ်စာတမ်း (University Charter) နှင့်အညီ တက္ကသိုလ်များ လွတ်လပ်စွာစီမံခန့်ခွဲမှု (University Autonomy) ကို အားပေးရ မည်ဖြစ်သကဲ့သို့ တက္ကသိုလ်ကောင်စီ (University Council)၊ တက္ကသိုလ်ပညာရေးအဖွဲ့ (Senate)၊ တက္ကသိုလ်စီမံခန့်ခွဲမှုအဖွဲ့ (Administrative Board) တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် သုတေသန (Research)၊ သင်ရိုးညွှန်းတမ်း (Curriculum)၊ သင်ကြားသင်ယူမှု (Teaching-Learning)၊ သီအိုရီ (Theory)၊ လက်တွေ့ (Practical) တို့ကို ပေါင်းစပ်ကာ လုပ်ငန်းခွင်တွင် ကျွမ်းကျင်စွာ လုပ်ကိုင်နိုင်စွမ်း ရှိလာစေရန် ဆောင်ရွက်ပေးနိုင်မှသာ အလုပ်အကိုင်ရရှိရေး (Employability) ကို ဦးတည်ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ မူဝါဒလမ်းညွှန် စံသတ်မှတ် ချက်များနှင့်အညီ ဒေသလိုအပ်ချက်နှင့် ပြည်ထောင်စု၏ လူမှုစီးပွားဖွံ့ဖြိုးရေး၊ လုပ်သားစေ◌ျးကွက် လိုအပ်ချက်တို့ကို ဖြည့်ဆည်းပေးနိုင်မည့် ဒီပလိုမာသင်တန်းများ၊ ရိုးရိုးဘွဲ့သင်တန်း များ၊ မဟာဘွဲ့သင်တန်းများ၊ ပါရဂူဘွဲ့သင်တန်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေး ပံ့ပိုးဖြည့်ဆည်းခြင်း၊ သင်ရိုးညွှန်းတမ်းများ အဆင့်မြှင့်တင်ခြင်းတို့ကို ဆောင်ရွက်ပေးသွားရမည် ဖြစ်ပါကြောင်း၊ နည်းပညာ အသုံးပြု သင်ယူမှု (High-Tech Learning) နှင့် စာသင်ခန်းတွင်း လက်တွေ့ သင်ယူမှု (High-Touch Learning) တို့ကို ပေါင်းစပ်ထားသည့် ပေါင်းစပ်သင်ယူမှု (Blended Learning) တို့ကို လက်တွေ့ ထိရောက် အကျိုးရှိစွာ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ဆရာ၊ ဝန်ထမ်း၊ ကျောင်းသားများနှင့် ပူးပေါင်း၍ တက္ကသိုလ် ဖွံ့ဖြိုးရေးနှင့် အရည်အသွေးမြင့်မားရေး အားပေး ဆောင်ရွက်ခြင်း၊ ကျောင်းသားဟောင်းများ၊ ကုန်သည်များ၊ စက်မှုလက်မှုနှင့် စီးပွားရေး လုပ်ငန်းရှင်များ၊ ပြည်တွင်း အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း၊ စီမံခန့်ခွဲရေး၊ ဘဏ္ဍာရေးဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ခြင်း၊ နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း တို့ကို အားပေး ဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း၊ ပညာဗဟုသုတ (Knowledge)၊ ကျွမ်းကျင်မှု (Skills)၊ သဘောထားအမြင် (Attitudes)၊ တန်ဖိုးထားမှု (Values) တို့ကဲ့သို့သော ၂၁ ရာစု ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်များ မြှင့်တင်သွားရန် အတွက် အားပေး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

ရေရှည်တည်တံ့ ခိုင်မြဲ၍ ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များ (Sustainable Development Goals – SDG) ၏ အညွှန်းကိန်းများ ပြည့်မီရန်လည်း အခြေခံပညာ အထက်တန်း အဆင့်ကို လူတိုင်းသင်ယူ ပြီးမြောက်ရေးကို ဦးတည် ပူးပေါင်း ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ အကျိုးရှိသည့် ဘာသာရပ်များကို တစ်သက်တာပေါင်းစပ် သင်ယူမှုအခွင့်အလမ်းရရှိရေးအတွက် စုပေါင်း အင်အားဖြင့် ညီညီညွတ်ညွတ် အကောင်အထည်ဖော်ဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံပါကြောင်း စသည်ဖြင့် အဖွင့်အမှာစကားပြောကြားပါသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ အခြေခံပညာဦးစီးဌာနနှင့် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များက သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီး ရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများက ရင်းနှီးပွင့်လင်းစွာ မေးမြန်း၊ ဆွေးနွေး၊ အကြံပြုခဲ့ကြကြောင်း သိရသည်။

Source: Ministry of Education

By Myanmar Education Guide (EDGE) 

Latest Post News Read 384 times