ဂျပန်တွင် ဒစ်ဂျစ်တယ်ကျောင်းသုံးဖတ်စာအုပ်များ အသုံးပြုရန် အတည်ပြု

ဂျပန်ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ အဖွဲ့အစည်းက စာသင်ကျောင်းများတွင် ဒစ်ဂျစ်တယ် ဖတ်စာအုပ်များအား တရားဝင် အသုံးပြုရန် ဆွေးနွေးရာတွင် ဒစ်ဂျစ်တယ်ဖတ်စာအုပ်များသည် ပုံနှိပ်ဖတ်စာအုပ်များနှင့် တူညီသည်ဟု ယူဆပါက စာသင်ခန်းများတွင် မဖြစ်မနေ အသုံးပြုရမည်ဟု ဆုံးဖြတ်ခဲ့ကြသည်။

ဝန်ကြီးဌာနသည် မည်သည့်အတန်းနှင့် ဘာသာရပ်များတွင် ဒစ်ဂျစ်တယ်ဖတ်စာအုပ်များ အသုံးပြုနိုင်ကြောင်းကို ရှင်းရှင်းလင်းလင်း သိရှိစေနိုင်ရန် ကျောင်းသားများ၏ အသက်အရွယ်နှင့် သင်ယူမှုအဆင့်ပေါ် မူတည်ပြီး လမ်းညွှန်ချက်များအား နောက်နှစ်တွင် ပြုလုပ်ပေးမည်ဖြစ်ကြောင်း သိရသည်။

သင်ရိုးညွှန်းတမ်းအသစ်ကို အကောင်ထည်ဖော်ဆောင်ရွက်မည့်အချိန်နှင့် တစ်ပြိုင်တည်းဖြစ်ရန် လာမည့် ၂၀၃၀ ပညာသင်နှစ်မှစပြီး ဒစ်ဂျစ်တယ်ဖတ်စာအုပ်များကို တရားဝင်ဖတ်စာအုပ်များအဖြစ် အသုံးပြုခွင့်ပြုပြီး ကျောင်းသားများအား အခမဲ့ ပေးဆောင်သွားရန် ရည်ရွယ်ထားသည်။

ဖတ်စာအုပ်များကို ပုံနှိပ်၊ ဒစ်ဂျစ်တယ်နှင့် ပုံနှိပ်+ဒစ်ဂျစ်တယ်ပေါင်းစပ်ထားသောပုံစံတို့ဖြင့် (၃) မျိုး ထုတ်ဝေမည်ဟု သိရသည်။ ပညာရေးဘုတ်အဖွဲ့များနှင့် ကျောင်းများသည် ၎င်းတို့အသုံးပြုလိုသည့် စာအုပ်ဖော်မတ်များကို ရွေးချယ်အသုံးပြုနိုင်သည်။

ပုံနှိပ်နှင့် ဒစ်ဂျစ်တယ်ပေါင်းစပ်ထားသောပုံစံဆိုသည်မှာ ကျောင်းသားများသည် ပုံနှိပ်စာအုပ်တွင် သင်ခန်းစာတစ်ချို့တစ်ဝက်ကို လေ့လာနိုင်ပြီး အွန်လိုင်းသင်ခန်းစာအချို့ကို ပုံနှိပ်စာအုပ်တွင် ပါဝင်သည့် QR Code ကို စကန်ဖတ်၍ ဝင်ရောက်လေ့လာရမည်ဖြစ်သည်။ 

ဒစ်ဂျစ်တယ်ဖတ်စာအုပ်များသည် ကျောင်းသားများအတွက် အမြင်အာရုံချို့ယွင်းမှုအပြင် အခြားသော ကျန်းမာရေးပြဿနာများကိုပါ ဖြစ်စေနိုင်မည်ဖြစ်ကြောင်းနှင့် အထူးသဖြင့် မူလတန်းကျောင်းသားများအနေဖြင့် အသုံးပြုရန် အခက်အခဲရှိနိုင်ကြောင်း ကျွမ်းကျင်ပညာရှင်အချို့က ထောက်ပြကြသည်။

Source - Asia News Network

International News Latest Post Read 13 times