ယူကေပညာရေးဝန်ကြီးဌာနက International Baccalaureate (IB) ဒီပလိုမာပရိုဂရမ်အတွက် အစိုးရကျောင်းများကို ထောက်ပံ့ပေးထားသည့် ရန်ပုံငွေများကို လာမည့်ပညာသင်နှစ်တွင် ဖြတ်တောက်တော့မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိ အင်္ဂလန်တွင် IB ဒီပလိုမာပရိုဂရမ် သင်ကြားပေးနေသော အစိုးရကျောင်း (၂၀) ရှိပြီး IB ဒီပလိုမာပရိုဂရမ်အတွက် ကျောင်းတစ်ကျောင်းကို ကျောင်းသားတစ်ယောက်လျှင် နှစ်စဉ်ထောက်ပံ့ကြေး £2,400 ရရှိသည်။
၎င်းမှာ ကျောင်းသားတစ်ဦးချင်းစီအတွက် နှစ်စဉ် ပုံမှန်ရရှိသည့် ရန်ပုံငွေရပြီးသည့်အပြင် (၂၀) ရာခိုင်နှုန်း ထပ်ဆောင်းရသည့် အပိုရန်ပုံငွေဖြစ်သည်။
အဆိုပါငွေသည် IB ဒီပလိုမာကဲ့သို့ အဆင့်မြင့်ပရိုဂရမ်များကို သင်ကြားနေသည့် ကျောင်းများကို ကူညီပေးသည့် Large Program Uplift (LPU) ဟုခေါ်သော အစိုးရ၏ ရန်ပုံငွေစီမံချက်ဖြစ်သည်။
သို့ရာတွင် ၂၀၂၅ ခုနှစ် အောက်တိုဘာ (၇) ရက်နေ့က ယူကေအစိုးရသည် လာမည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှစပြီး IB ပရိုဂရမ်များအတွက် ရန်ပုံငွေများကို ထောက်ပံ့တော့မည် မဟုတ်ကြောင်း ကြေညာထားသည်။
ပညာရေးဌာန (DfE) က ကျောင်းများသည် ၎င်းတို့ သင်ကြားလိုသည့် ဘာသာရပ် (သို့မဟုတ်) ပရိုဂရမ်များကို လွတ်လပ်စွာ သင်ကြားနိုင်သော်လည်း အစိုးရအနေဖြင့် ကျောင်းသားများအား အလုပ်အကိုင်ကောင်းများ ရရှိရန်နှင့် နိုင်ငံ၏ စီးပွားရေးကို ပံ့ပိုးပေးမည့် ဘာသာရပ်များတွင်သာ ထောက်ပံ့ကြေးကို သုံစွဲမည်ဟု ပြောကြားခဲ့သည်။
International Baccalaureate (IB) မှ တုံ့ပြန်ချက်အနေဖြင့် ဤဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်ရန် ဝန်ကြီးများအား တိုက်တွန်းထားပြီး၊ ယခုအပြောင်းအလဲသည် ကုန်ကျစရိတ် အနည်းငယ် လျှော့ချနိုင်သော်လည်း ကျောင်းသား (၅,၀၀၀) ကျော်သည် IB ဒီပလိုမာပရိုဂရမ်ကို သင်ယူခွင့် ဆုံးရှုံးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် ယခုကြေညာချက်သည် ကျောင်းခေါင်းဆောင်များအပေါ် ကြီးမားသည့် အကြပ်အတည်း ဖြစ်စေသည့်အပြင် အထက်တန်း ကျောင်းသားများနှင့် မိဘများအတွက်လည်း မရေရာမှုများ ဖြစ်ပေါ်စေသည်ဟု IB Schools and Colleges Association မှ စီအီးအို Richard Markham က ပြောကြားခဲ့သည်။
IB ကို အင်္ဂလန်နိုင်ငံရှိ အစိုးရကျောင်းများတွင် သင်ကြားလာသည်မှာ နှစ် (၅၀) နီးပါးရှိပြီဖြစ်ပြီး ယခုမှ ပုဂ္ဂလိကကျောင်းများတွင်သာ IB ပရိုဂရမ်ကို သင်ကြားခွင့်ရမည်ဆိုလျှင် အစိုးရကျောင်းသားများအတွက် တရားမျှတမှုမရှိဟု ၎င်းက ထပ်လောင်းပြောကြားသည်။
IB အဖွဲ့အစည်းသည် အစိုးရနှင့် ဆွေးနွေးနေပြီး အစိုးရကျောင်းများတွင် ဆက်လက် သင်ကြားနိုင်ရန်အတွက် အဖြေရှာနေကြောင်းလည်း ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် စက်တင်ဘာလတွင် ရုရှားက IB သင်ရိုးကို အနောက်တိုင်းဆန်သည်ဟု ပြောပြီး နိုင်ငံအတွင်း သင်ကြားခြင်းကို ရပ်တန့်ခဲ့သေးသည်။
သို့သော်လည်း ကမ္ဘာတစ်ဝှမ်းတွင် IB သည် လူသိများနေဆဲဖြစ်ပြီး ကျောင်းပေါင်း (၆,၀၀၀) ကျော်က IB ပရိုဂရမ်များကို သင်ကြားပေးလျက်ရှိသည်။
Source - TES magazine