အမေရိကန်ဗီဇာ တင်းကြပ်မှုများကြောင့် တရုတ်ကျောင်းသားများ ရုရှားကို ရွေးချယ်လာ

အမေရိကန်ပြည်ထောင်စုမှ ဗီဇာစစ်ဆေးမှုများကို တင်းကြပ်ထားသောကြောင့် ရုရှားသည် တရုတ်ကျောင်းသားများအတွက် ဆွဲဆောင်မှုရှိသော ပညာသင်စရာ နိုင်ငံတစ်ခုဖြစ်လာသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်တို့အကြား မဟာဗျူဟာမြောက် မိတ်ဖက်ဖွဲ့ဆောင်ရွက်မှုဖြင့် ရုရှားက ထိုအခွင့်အရေးကို ဆုပ်ကိုင်ထားသည်။

ရုရှားသိပ္ပံနှင့် အဆင့်မြင့်ပညာရေးဝန်ကြီး ဗလယ်ရီ ဖောလ်ကော့ဗ်သည် ဩဂုတ် (၂၁) ရက်မှ (၂၆) ရက်အထိ တရုတ်နိုင်ငံသို့ အလည်အပတ်သွားရောက်စဉ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ရုရှားတက္ကသိုလ်များတွင် တရုတ်ကျောင်းသား (၅၆,၀၀၀) ကျော် စာရင်းသွင်းထားကြောင်း၊ ရုရှားကျောင်းသား (၂၁,၀၀၀) ကျော်သည် တရုတ်နိုင်ငံတွင် ပညာသင်ကြားလျက်ရှိကြောင်း ပြောကြားခဲ့သည်။

တရုတ်ကျောင်းသားများထံမှ ရုရှားကောင်စစ်ဝန်ရုံးများသို့ ဗီဇာလျှောက်ထားမှုသည် ၂၀၂၄ နှင့် ၂၀၂၅ နှစ်အတွင်းတွင် နှစ်ဆတိုးလာခဲ့ကြောင်း သိရသည်။ 

"ကျွန်ုပ်တို့၏ တရုတ်လုပ်ဖော်ကိုင်ဖက်များနှင့်အတူ ကျောင်းသားဖလှယ်မှုတွင် ကျောင်းသားပေါင်း (၁) သိန်း ရရှိရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ဤတာဝန်သည် ကျွန်ုပ်တို့ နှစ်နိုင်ငံအကြား အပြန်အလှန်နားလည်မှု၊ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ဆက်ဆံရေးအတွက် အဓိကအရေးကြီးပါသည်။" ဟု ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်းက ဩဂုတ်လ (၂၂) ရက်နေ့တွင် အမေရိကန်၏ အခြေအမြစ်မရှိ စစ်ဆေးမေးမြန်းခြင်း၊ နှောင့်ယှက်ခြင်းနှင့် အမေရိကန်သို့ ရောက်ရှိလာသည့် တရုတ်ကျောင်းသားများကို နေရပ်ပြန်ပို့ခြင်းများကို ရပ်တန့်ရန် ပြောဆိုပြီးနောက် ဖောလ်ကော့ဗ်က ယခုလို ပြောကြားလာခြင်းဖြစ်သည်။

အနောက်နိုင်ငံ (၄) ခုဖြစ်သည့် အမေရိကန်၊ ဗြိတိန်၊ ကနေဒါနှင့် သြစတြေးလျတို့ လွှမ်းမိုးထားသည့် ကမ္ဘာ့ပညာရေး အခင်းအကျင်းကြားတွင် ရုရှားသည်လည်း တရုတ်နှင့်ပူပေါင်း၍ ပါဝင်လာနိုင်တော့မည်။

စရိတ်စကများ မြင့်တက်လာခြင်း၊ ဗီဇာအခက်အခဲများနှင့် လုံခြုံရေးဆိုင်ရာ စစ်ဆေးမှုများကြောင့် ယခုအခါ တရုတ်ကျောင်းသားများသည် စျေးသက်သာပြီး ယဉ်ကျေးမှုနှင့် နိုင်ငံရေးအရ လိုက်လျောညီထွေဖြစ်စေမည့် အိမ်နီးချင်းနိုင်ငံ ရုရှားကို ပိုမို ရွေးချယ်လာကြသည်။ 

ရုရှားတက္ကသိုလ်များသည် ဘွဲ့ကြိုနှင့်မဟာဘွဲ့ (၁၁၅) ခုအပါအဝင် ပူးတွဲပညာရေးပရိုဂရမ် (၂၀၀) ကျော်ကို ပေးဆောင်လျက်ရှိသည်။ ရုရှားတွင် Moscow State နှင့် Tomsk State ကဲ့သို့သော ထိပ်တန်းတက္ကသိုလ်များသည် အင်ဂျင်နီယာ၊ အသုံးချသိပ္ပံနှင့် သင်္ချာပညာရပ်များတွင် ၎င်းတို့၏ နည်းပညာထူးချွန်မှုအတွက် အသိအမှတ်ပြုခံရပြီး အနောက်တိုင်းတက္ကသိုလ်များနှင့် နှိုင်းယှဉ်ပါက ကျောင်းစရိတ်မှာ သိသိသာသာ သက်သာသည်။

သို့သော် တရုတ်ကျောင်းသားများအားလုံးအတွက် ရုရှားနိုင်ငံသည် ပြီးပြည့်စုံသော ပညာသင်စရာနေရာတစ်ခုတော့ မဖြစ်နိုင်သေးကြောင်း အောက်ဖော်ပြပါ ဒေတာအချက်အအလက်များအရ သိရသည်။ 

ရုရှားနိုင်ငံရှိ တရုတ်ကျောင်းသား (၃၁%) သည် ရုရှားဘာသာစကား၊  (၂၂%) သည် စီးပွားရေးစီမံခန့်ခွဲမှုနှင့် (၂၉%) သည် အခြားလူမှုရေးဘာသာရပ်တို့ကို သင်ကြားနေပြီး (၁၈%) ကသာ နည်းပညာ၊ ဆေးဘက်ဆိုင်ရာ (သို့မဟုတ်) သဘာဝသိပ္ပံဘာသာရပ်တို့ကို သင်ကြားနေကြောင်း Education Export Center အချက်အလက်များအရ သိရသည်။ ဆိုလိုသည်မှာ (၈၂%) ခန့်သည် လူသားများ/လူမှုရေးသိပ္ပံများကို အာရုံစိုက်ကြပြီး ထက်ဝက်ကျော်လောက်က ဘာသာစကားနှင့် စီမံခန့်ခွဲမှုပညာရပ်ကို သင်ကြားနေကြသည်။

ဒေတာအချက်အလက်များအရ ရုရှားနိုင်ငံသည် လေခွင်းအား၊ အမှုန်ရူပဗေဒ၊ ရေနံသန့်စင်မှုနှင့် အနုပညာကဲ့သို့ ဘာသာရပ်များတွင် အားသာချက်များရှိသော်လည်း စီမီးကွန်ဒတ်တာများနှင့် စက်မှုဆော့ဖ်ဝဲလ်နယ်ပယ်တို့တွင် အနောက်နိုင်ငံများထက် နောက်ကျနေသေးသည်။ 

Source - Asia Times

International News Read 17 times