တရုတ်တွင် ပထမဆုံး အိမ်မွေးတိရစ္ဆာန်မေဂျာ ဘွဲ့ကြိုဂရမ်အား စတင်မိတ်ဆက်

တရုတ်နိုင်ငံသည် ပထမဆုံး အိမ်မွေးတိရစ္ဆာန် အထူးပြုမေဂျာ ဘွဲ့ကြိုပရိုဂရမ်သစ်တစ်ခုကို စတင်မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း ဇွန်လ (၂၅) ရက်နေ့တွင် နိုင်ငံပိုင် သတင်းမီဒီယာများမှတဆင့် သိရသည်။ 

ယခုအခါ တရုတ်နိုင်ငံတွင် အိမ်မွေးတိရစ္ဆာန်များ များပြားလာခြင်းကြောင့် ၎င်းတို့အတွက် ပြုစုစောင့်ရှောက်နည်းကို နားလည်လိုသူများလည်း တိုးပွားလာသည်။ ထို့ကြောင့် ပေကျင်းရှိ China Agricultural University သည် ခွေးနှင့် ကြောင်ကဲ့သို့သော အိမ်မွေးတိရစ္ဆာန်များကို အထူးပြုထားသည့် တိရိစ္ဆာန်သိပ္ပံသင်တန်းအသစ်ကို ဖန်တီးခဲ့သည်။

ကျောင်းသားများသည် ပထမနှစ်ကို ပေကျင်းရှိ ပင်မကျောင်းဝင်းတွင် တက်ရောက်ပြီး  နောက်သုံးနှစ်ကို Shandong ပြည်နယ် Yantai မြို့ရှိ သုတေသနဌာနတွင် သင်ယူရမည်ဖြစ်သည်။ လေးနှစ်တက်ရောက်အောင်မြင်ပြီးပါက စိုက်ပျိုးရေးသိပ္ပံဘွဲ့ကို ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

လာမည့် စက်တင်ဘာလမှ စတင်ကာ တက္ကသိုလ် ပထမအုပ်စုတွင် ကျောင်းသားအယောက် (၅၀) လက်ခံမည်ဖြစ်သည်။ ဤကျောင်းသားများသည် အိမ်မွေးတိရစ္ဆာန်များကို မည်ကဲ့သို့ ဂရုစိုက်ရမည်ကို သိရှိကာ ၎င်းတို့၏ ကျန်းမာရေးကို နားလည်ပြီး အနာဂတ်တွင် အိမ်မွေးတိရစ္ဆာန်နှင့် ပတ်သက်သည့် အလုပ်များ၊ မြင်းစီးကလပ်များတွင် အလုပ်အကိုင်အခွင့်အလမ်းရရှိနိုင်မည်ဖြစ်သည်။

ယခုပရိုဂရမ်သည် မွေးမြူရေးကို အာရုံစိုက်သည့် သမားရိုးကျ တိရစ္ဆာန်သိပ္ပံပရိုဂရမ်များနှင့်မတူဘဲ တက္ကသိုလ်၏အွန်လိုင်းကြော်ငြာချက်အရ ခွေး၊ ကြောင်နှင့် မြင်းများကဲ့သို့ လူသားနှင့်အတူ ရင်းရင်းနှီးနှီး နေထိုင်နိုင်သည့် တိရစ္ဆာန်များကို လေ့လာရမည်ဖြစ်သည်။

အိမ်မွေးတိရစ္ဆာန်များ၏ ဇီ၀ကမ္မဖြစ်စဉ်၊ အစားအစာကျွေးမွေးမှု၊ မွေးမြူထိန်းကျောင်းမှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ မျိုးပွားမှုနှင့် အပြုအမူတို့ကို သင်ကြားရမည်ဖြစ်ပြီး လုပ်ငန်းလိုအပ်ချက်များနှင့် ကိုက်ညီသည့် သင်ရိုးညွှန်းတမ်းတစ်ခုဖြစ်သည်ဟု တက္ကသိုလ်၏ တိရစ္ဆာန်သိပ္ပံအဆောင်မှ ဒုတိယဌာနမှူး Liu Guoshi ကပြောကြားခဲ့သည်။

အိမ်မွေးတိရစ္ဆာန်လုပ်ငန်းသည် အရှိန်အဟုန်ဖြင့် ကြီးထွားလာနေပြီး အိမ်မွေးတိရစ္ဆာန်များကို ပြုစုစောင့်ရှောက်နည်းကို နားလည်သူများ ပိုမိုလိုအပ်နေသောကြောင့် ထိုဘာသာရပ်အသစ်သည် အလုပ်အကိုင်ဈေးကွက် လိုအပ်ချက်နှင့်လည်း ကိုက်ညီသည်ဟု ပရော်ဖက်ဆာ Liu က ဆိုသည်။

တက္ကသိုလ်များ၊ တိရစ္ဆာန်ဆေးပေးခန်းများ၊ သုတေသနဓာတ်ခွဲခန်းများ၊ တိရစ္ဆာန်အစာထုတ်လုပ်ရောင်းချရေးလုပ်ငန်းများစသည့် တိရိစ္ဆာန်များနှင့် သက်ဆိုင်သော အဖွဲ့အစည်းများနှင့် လုပ်ငန်းများတွင် ကျွမ်းကျင်လုပ်သားများ လိုအပ်လျက်ရှိကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ မြို့ပြအိမ်မွေးတိရစ္ဆာန် (ခွေးနှင့် ကြောင်) အပေါ် ငွေကြေးသုံးစွဲမှုမှာ ၂၀၂၄ ခုနှစ်တွင် ယွမ် ဘီလီယံ (၃၀၀) ကျော်ခဲ့ပြီး ပြီးခဲ့သည့် ဆယ်စုနှစ်ကထက် (၁၁.၉%) အထိ မြင့်တက်လာသည်။ ထို့အပြင် တရုတ်နိုင်ငံတစ်ဝှမ်း အိမ်မွေးတိရစ္ဆာန်နှင့် ပတ်သက်သည့် ကုမ္ပဏီပေါင်း (၅၀၀,၀၀၀) ကျော်အထိ ရှိကြောင်း သတင်းဌာန Xinhua မှ သိရသည်။

Source - The Straits Times , CNA 

International News Read 10 times