တရုတ်နိုင်ငံသည် ကျောင်းသားများနှင့် ဆရာများ၏ စာသင်ခန်းတွင်း အမူအရာများနှင့် သင်ကြားပြသမှုပုံစံများကို အချိန်နှင့်တပြေးညီ စောင့်ကြည့်စစ်ဆေးနိုင်ရန် AI နှင့် Big Data နည်းပညာများ အသုံးပြုမှု အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
စာသင်ခန်းအတွင်း တပ်ဆင်မည့် AI ကင်မရာများသည် ကျောင်းတက်ရောက်မှုနှင့် စာသင်ခန်းတွင်း ပါဝင်လှုပ်ရှားမှုများမှအစ သင်ခန်းစာများအပေါ် ကျောင်းသားများ၏ အာရုံစိုက်မှုနှင့် ဂရုတစိုက်ရှိမှု အဆင့်ဆင့်အထိ အရာအားလုံးကို ခြေရာခံ စောင့်ကြည့်နိုင်ပါသည်။
စမတ်စာသင်ခန်းများအဖြစ် လုပ်ဆောင်ရာတွင် ကနဦးက ကျောင်းနှင့် အဆောင်များသို့ ဝင်ထွက်သွားလာမှုကို စစ်ဆေးရန် AI facial recognition စနစ်ကိုသာ အဓိကထားခဲ့သော်လည်း နောက်ပိုင်းတွင် စာသင်ခန်းများအတွင်း၌ပါ AI ဖြင့် အပြည့်အဝစောင့်ကြည့်သည့်စနစ်အထိ တိုးမြှင့်ပြောင်းလဲလာခဲ့သည်။
၂၀၂၅ ခုနှစ် အောက်တိုဘာလမှစ၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စမတ်စာသင်ခန်းပေါင်း (၄၆၉) ခန်းအထိ တည်ဆောက်နိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ယခုအခါ ကျောင်းစီမံခန့်ခွဲသူများသည် "နေ့စဉ်လုပ်ရိုးလုပ်စဉ် မှတ်တမ်းတင်စနစ်" မှတဆင့် အစီရင်ခံတင်ပြသည့် ကျောင်းတက်နှုန်း၊ ကျောင်းသားများ စာမော့ကြည့်သည့်အကြိမ်အရေအတွက်၊ ရှေ့ဆုံးတန်းတွင် လူထိုင်မှုအခြေအနေနှင့် စာသင်ခန်းတွင်း ပူးပေါင်းပါဝင်မှု တို့အပါအဝင် ကျောင်းသားများ၏ လှုပ်ရှားမှုအခြေအနေများကို အနီးကပ်စောင့်ကြည့်နိုင်ပြီဖြစ်သည်။
တရုတ်နိုင်ငံရှိ အလယ်တန်းနှင့် အထက်တန်းကျောင်းများ၏ (၆၈) ရာခိုင်နှုန်းခန့်သည် ကျောင်းသားများ၏ အမူအရာကို ခွဲခြမ်းစိတ်ဖြာရန်အတွက် ဤစမတ်ကင်မရာများကို စာသင်ခန်းများတွင် စတင် တပ်ဆင်နေပြီဖြစ်သည်။
သို့သော် ဤစီမံကိန်းသည် လက်တွေ့တွင် မည်မျှထိရောက်မှု ရှိ၊ မရှိ ဆိုသည့်အချက်နှင့် ပုဂ္ဂိုလ်ရေးလုံခြုံမှု (Privacy) ဆိုင်ရာ စိုးရိမ်ပူပန်မှုများနှင့် ကျောင်းသားထုအပေါ် စောင့်ကြည့်ခြင်း၏ နောက်ဆက်တွဲ သက်ရောက်မှုများအပေါ် ကျယ်ကျယ်ပြန့်ပြန့် အငြင်းပွားဖွယ်ရာများ ဖြစ်ပေါ်စေပါသည်။
Source - Bangkok Post