Sales Hotline : 09448001653       Download App



ကျောင်းချိန်ပြင်ပ ကျူရှင်ပြခွင့် တားမြစ်ချက် တင်းကျပ်နိုင်ဖွယ်ရှိ

ကျောင်းပြင်ပမှာ ကျူရှင်ပြတာအတွက် ဖမ်းခံရတာ၊ အရေးယူခံရတာ ရှားပါတယ်။ ဒါပေမဲ့ အလွန်အကျွံ အပိုဆောင်း သင်ရိုးတွေနဲ့ ပညာသင်တဲ့ အတန်းတွေကို ထိန်းချုပ်တဲ့ စည်းကမ်းအသစ်တွေမှာတော့ ကျောင်းပြင်ပ ကျူရှင်မပြရဆိုတဲ့ စည်းကမ်းကို အသစ်ထုတ်ပြန်ထားတာကြောင့် အရေးမယူဘဲ လျစ်လျူပြုထားတော့မှာ မဟုတ်ဘူးလို့ သုံးသပ်ကြတယ်။ 

တရုတ်ပြည် အရှေ့ပိုင်းမှာ အလယ်တန်းပြ ဆရာမတစ်ဦးက ဥပဒေကို ချိုးဖောက်ပြီး ကျောင်းသူကျောင်းသားတွေထံမှ ကျူရှင်ဖိုး တောင်းခံတယ်လို့ ဒေသခံ မီဒီယာမှာ ဖော်ပြတယ်။ 
လူထုထံမှ သတင်းပေးတာကို ရရှိခဲ့ပြီးတဲ့နောက်မှာ ဟောင်ရှန်းပညာရေးဗျူရိုမှ  စစ်ဆေးရေးမှူးတွေက ထွန်စီခရိုင်မှ အိမ်တစ်အိမ်ကို သွားရောက် စောင့်ကြည့်ခဲ့တာမှာ အမည်ထုတ်ဖော်အသိပေးခြင်း မရှိဘဲ ‘လူ’ဆိုတဲ့မျိုးရိုးအမည်ကိုသာ အသိပေးတဲ့ ဆရာက ကျောင်းသူကျောင်းသားတွေထံမှ အခကြေးရယူပြီး ဘေးပန်းအလုပ်အဖြစ် လုပ်ကိုင်ခြင်း မပြုရဆိုတဲ့ တားမြစ်ချက်ကို ချိုးဖောက်ပြီး စာသင်ပြတာကို လက်ပူးလက်ကြပ် ဖမ်းမိခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားတယ်။ 
ကျူရှင်ပြတဲ့ ဆရာက ဆရာလား ဆရာမလားဆိုတဲ့ လိင်အမျိုးအစားကို အသိပေးပြောကြားခြင်း မရှိပေမဲ့ အမှတ်(၁)အလယ်တန်းကျောင်းမှ စာပြသူတစ်ဦးဆိုတာကိုတော့ အသိပေးပြောကြားခဲ့ပါတယ်။ 
တရုတ်နိုင်ငံ ပညာရေးဝန်ကြီးဌာနက မူလတန်းနဲ့ အလယ်တန်း ကျောင်းတွေမှ ဆရာဆရာမတွေကို ကျောင်းချိန်ပြင်ပ အခကြေးယူပြီး စာသင်ပြခြင်းကို တားဆီးပိတ်ပင်ထားပါတယ်။  ဒါပေမဲ့ ဆရာဆရာမ အများအပြားတို့ စာသင်ခန်းပြင်ပမှာ ကျူရှင်ပြတာ တရုတ်နိုင်ငံတစ်လွှား ဖြစ်ရိုးဖြစ်စဉ် ဖြစ်ပါတယ်။ အစိုးရက ပိတ်ပင်ထားပေမဲ့လည်း ကျူရှင်ပြကြပါတယ်။  ဖမ်းဆီးတာအရေးယူတာလည်း မရှိသလောက် ရှားပါတယ်။ အခုဖြစ်ရပ်ကတော့ ဗဟိုအစိုးရမှ အလွန်အကျွံ အပိုဆောင်း သင်ရိုးတွေနဲ့ ပညာသင်တဲ့ အတန်းတွေကို ထိန်းချုပ်တဲ့ စည်းကမ်းတွေ အသစ်ထုတ်လိုက်တာကြောင့် အရေးယူတာ ဖြစ်ပွားခဲ့ရတာ ဖြစ်ပါတယ်။ 

အပိုဆောင်းသင်ရိုး သင်ယူခြင်းအပေါ် စည်းကမ်းအသစ်တွေကို ထုတ်ပြန်တဲ့ ကြော်ငြာစာကို ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး သီတင်းတစ်ပတ်သာသာ အကြာမှာ ယခုလို ဖမ်းဆီးအရေးယူတာ ဖြစ်ပွားခဲ့ပါတယ် လို့ သတင်းမီဒီယာမှာ ဖော်ပြထားပါတယ်။
အခုလို အိမ်မှာ ကျောင်းချိန်ပြင်ပ ကျူရှင်မသင်အောင် တားမြစ်ရတာက ကျောင်းသူကျောင်းသားမှာ ပြင်းထန်တဲ့ဖိအား ကျရောက်တာကို လျှော့ချပေးချင်လို့ ဖြစ်ပါတယ်။ အပိုဆောင်းထားတဲ့ သင်ရိုးက စာတွေ ပိုများနေပြီး ကျောင်းသူကျောင်းသားက ထူးချွန်လိုတာကြောင့် စာတွေ ဖိသင်ပြီး စိတ်ဒဏ်ပိတာ မဖြစ်ရအောင် ကျူရှင်ပြတာကို ယခုလို တားမြစ်တာ ဖြစ်ပါတယ်။ မိဘများအနေဖြင့်လည်း ကျူရှင်ခ ကုန်ကျစရိတ်အတွက် စိတ်ဒဏ်ပိနိုင်တာမို့  ကျူရှင်ပြတာကို ယခုလို တားမြစ်တာ ဖြစ်ပါတယ်။ 

တရုတ်နိုင်ငံမှာ ယခင်က ကလေးတစ်ယောက်သာ ယူခွင့် ရှိခဲ့ပါတယ်။ နောက်တော့ ပထမဆုံးကလေးက မိန်းကလေး ဖြစ်နေရင် နောက်တစ်ယောက်ကို ယော်ကျားလေး ရလို့ရငြား ကလေးတစ်ယောက် ထပ်ယူခွင့်ကို ကျေးလက်ဒေသနေထိုင်သူတွေကို ယူခွင့် ပေးပါတယ်။ မြို့ပြ နယ်မြေမှာ နေထိုင်သူတွေကိုတော့ မပေးပါဘူး။ အခုအခါ ဖြေလျှော့ထားလိုက်ပြီဖြစ်လို့ ကလေး သုံးယောက်အထိ ယူခွင့် ရှိပါတယ်။ ဒီတော့ ပညာရေးကုန်ကျစရိတ်က ယခင်လို တစ်ယောက်စာ မဟုတ်တော့ဘဲ သုံးယောက်ဆ ဖြစ်လာနေတာမို့ အပိုကုန်တာတွေကို တားမြစ်ပေးခြင်းဖြင့် သားသမီးပညာရေး ပံ့ပိုးပေးနေရတဲ့ မိဘတွေ ပညာရေးစရိတ်မထောင်းအောင် ဗဟိုအစိုးရမှ ကျူရှင်ပြတာကို တားမြစ်ပါတယ်။ 

ယခု အရေးယူခဲ့ရတဲ့ ‘လူ’ ရဲ့ အိမ်မှာ ကျူရှင်ပြနေတယ်လို့ လူထုထံမှ သတင်းပေးတဲ့သူက ပေးလိုက်တယ်။ နွေရာသီ ကျောင်းပိတ်ရက်ရှည် အားလပ်ရက်တွေမှာ နေ့စဉ်လိုလို စာအုပ်တွေ ထည့်ထားတဲ့ ကျောပိုးအိတ်တွေနဲ့ ကျောင်းသူကျောင်းသားတွေ ‘လူ’ရဲ့ အိမ်ကို လာကြတယ်။  အိမ်ထဲမှာ နေကြတာ နေ့တိုင်း ၂ နာရီလောက် ကြာတယ်။ ပြီးရင် အားလုံး ပြန်သွားကြတယ်။ ကျူရှင်ပြတာဖြစ်မယ်လို့ သတင်းပေးခဲ့ပါတယ်။ စစ်ဆေးရေးမှူးတွေကို အိမ်ကို စောင့်ကြည့်ခဲ့ကြပြီး အရေးယူခဲ့တာ ဖြစ်ပါတယ်။ 

ဟောင်ရှန်းပညာရေး အာဏာပိုင်တို့က အခကြေးဖြင့် ကျောင်းချိန်ပြင်ပ ကျူရှင်ပြတာကို  သူတို့အနေဖြင့် လုံးဝသည်းမခံကြောင်း ပြောကြားခဲ့ပါတယ်။ ယခုအမှုကို စုံစမ်းစစ်ဆေးမှာ ဖြစ်ပြီး အပြစ်ရှိတယ်ဆိုရင် ကျူရှင်ပြသူကို အရေးယူအပြစ်ပေးမယ်လို့ ဆိုပါတယ်။ 

မိဘတွေက သတင်းမီဒီယာရဲ့ မေးမြန်းမှုကို ဖြေကြားကြတာမှာ ဒေသတွင်းမှ အထက်တန်းကျောင်းတွေမှာ အခကြေးယူပြီး ကျောင်းသူကျောင်းသားတွေကို ကျူရှင်ပြတာ ကြာခဲ့ပါပြီ။ အများစုက ကိုယ်စာသင်တဲ့ ကျောင်းမှ ကိုယ်စာသင်တဲ့အတန်း တက်နေတဲ့သူတွေကို ကျူရှင်ပြကြတယ်။ တချို့ဆိုရင် ကိုယ်စာသင်တဲ့ စာသင်ခန်းထဲမှ ကိုယ့်တပည့်တွေကို ကျူရှင်ပြတယ်။ တချို့က သူတို့အိမ်ကို ခေါ်သင်တယ်။ တချို့က အွန်လိုင်းစာသင်ခန်းတွေနဲ့ သင်တယ်။ သာမန်ကျောင်းစာထက် စာပိုများတဲ့ အပိုဆောင်း သင်ရိုး သင်ကြရတဲ့ ကျောင်းသူကျောင်းသား အများစုဟာ ကျောင်းချိန်ပြင်ပမှာ ကျူရှင်တက်ကြတာ ထုံးစံပဲလို့ မိဘတွေက ဖြေကြားကြပါတယ်။ 

အခုလို ကျူရှင်ထားရတဲ့အွက် ကုန်ကျစရိတ် ကြီးမားတယ်လို့ မိဘတွေက ပြောကြားတယ်။ စာသင်တန်းတစ်ခုကို အနည်းဆုံး ယွမ် ၁၀၀ မှ ၂၀၀( အမေရိကန်ဒေါ်လာ ၁၅ မှ ၃၀) အထိ ပေးရတယ်။ 

အဆိုပါသတင်းနဲ့ ပတ်သက်လို့ အင်တာနက် လူမှုကွန်ရက် Weibo မှာ ဆွေးနွေးပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ 
“ငွေပေးရတဲ့ ကျူရှင်က တရားဝင်တယ်ဆိုရင် ကျောင်းမှာ ကျောင်းသူကျောင်းသားတွေကို ဆရာဆရာမတွေက ဘယ်လိုလုပ်ပြီး ဂရုစိုက်တော့မှာလဲ” လို့ တစ်ဦးက မှတ်ချက်ပြုပါတယ်။ 
ဒါပေမဲ့ စည်းကမ်းကို ဘဝင်မကျတဲ့သူတွေလည်း ရှိနေပါတယ်။ “ကျွန်တော်က ကျောင်းသားမိဘတစ်ဦးပါ။ အရည်အချင်းပြည့်တဲ့ ဆရာတစ်ယောက်ကို ရှာပြီး ကျွန်တော့ ကလေးကို ကျောင်းချိန်ပြင်ပ စာသင်ပေးတာကို ကျွန်တော် တကယ်လိုလားပါတယ်” လို့ ရေးသားပါတယ်။ နောက်တစ်ယောက်ကတော့ “အခုဆိုရင် ကျောင်းဆရာဆရာမတွေက ကျောင်းချိန်ပြင်ပမှာ စာသင်ခွင့် မရှိတော့ဘူး။ အဲဒီအတွက် အပိုဆောင်းသင်ရိုးသင်တဲ့ကျောင်းမှာ ကျောင်းလခ မြင့်မားတဲ့အဖြစ်ဆီကို ရောက်သွားလိမ့်မယ်။ နိုင်ငံတော် အစိုးရက ကလေးတွေကို စာမပိစေချင်ဘူး။ ဒါပေမဲ့ ကျွန်တော်ကတော့ ကျွန်တော့ ကလေးကို စာကြိုးစားခိုင်းတယ်။ တိုင်းပြည်အခြေအနေ ဝန်းကျင်အရ စာတော်မှ ဖြစ်မယ်” လို့ သုံးသပ်ပါတယ်။ 

21st Century Education Research Institute မှ ဒါရိုက်တာ Xiong Bingqi က အာဏာပိုင်တွေအနေဖြင့် ကျောင်းချိန်ပြင်ပ ကျူရှင်ပြတာကို မိဘတွေရဲ့ လိုလားတောင်းဆိုတယ်ဆိုရင် ခွင့်ပြုပေးဖို့ စဉ်းစားသင့်တယ်လို့ ဆိုပါတယ်။ 
“နွေရာသီ နဲ့ ဆောင်းရာသီ ကျောင်းရက်ရှည် ပိတ်ရက်တွေမှာ ဗဟို အာဏာပိုင်တွေရဲ့ စည်းကမ်းကြောင့် မိဘတွေက ကလေးတွေကို အပိုဆောင်းသင်ရိုးအတွက် ကလေးတွေကို ကျူရှင်မလွှတ်ရရင် သူတို့ ဘာလုပ်ကြမလဲ။ သူတို့က ကိုယ်ပိုင်ကျောင်းဆရာကို ရှာပြီး သူတို့ကလေးကို စာသင်ခိုင်းမယ်။ သိုသိုသိပ်သိပ်ဖြင့် သင်တဲ့ မှောင်ခို ပညာရေး ဖြစ်လာမယ်” လို့ သူက South China Morning Post ကို ပြောကြားပါတယ်။ 

Source: scmp.com

International News Read 599 times