Sales Hotline : 09448001653       Download App



ကလေးငယ်တွေရဲ့ မတူကွဲပြားတဲ့ သင်ယူလေ့လာနည်း (၅) မျိုး

 

သင်က မူကြို၊ မူလတန်း ဆရာ/ဆရာမ (သို့) မိဘတစ်ယောက် ဖြစ်တယ်ဆိုရင် ကလေးငယ်တွေရဲ့ သင်ယူလေ့လာတဲ့ပုံစံ၊ အားသာချက်နဲ့ အားနည်းချက်တွေကို သိထားကာမှ ကလေးငယ်တွေနဲ့ ချိတ်ဆက်မှု မှန်ကန်ပြီး စာသင်ပေးရတဲ့အခါ သင်ပေးရသူရော၊ သင်ယူနေသူရော လွယ်ကူသက်သာမှာဖြစ်ပါတယ်။ 


    
မိဘနဲ့  ဆရာ/ဆရာမဆိုတာက ကလေးတွေရဲ့ ငယ်ရွယ်စဉ်ဘ၀မှာ လွှမ်းမိုးနိုင်မှုအားအကောင်းဆုံးသူတွေ၊ အများဆုံး ထိတွေ့ဆက်ဆံနေရသူတွေဖြစ်တာကြောင့် ကလေးငယ်တွေရဲ့ လှုပ်ရှားပြောဆိုမှုပုံစံကို ကြည့်ပြီး သူတို့လေးတွေကို ဘယ်လိုနည်းလမ်းနဲ့ သင်ကြားပေးရင် ပိုမှတ်မိနိုင်လဲဆိုတာ သိဖို့ အထူးပင်လိုအပ်ပါတယ်။

 

ဒါကြောင့် မတူညီတဲ့ ပတ်၀န်းကျင်အမျိုးမျိုးက လာတဲ့ ကလေးငယ်တွေရဲ့ အခြေခံကျတဲ့ သင်ယူလေ့လာနိုင်ပုံ (၅) မျိုးအကြောင်းကို ရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်။ 

 

၁။ Visual Learners (learn through seeing)

Visual Learners    လေးတွေကတော့    သူတို့လေးတွေရဲ့     မြင်နိုင်စွမ်းမှတစ်ဆင့် လေ့လာသင်ယူကြပါတယ်။    မိဘ၊ ဆရာသမားတွေရဲ့ ပြုမှုပြောဆိုနေထိုင် လှုပ်ရှားပုံလေးတွေကို မှတ်သားပြီး သင်ယူလေ့ရှိပါတယ်။ သူတို့လေးတွေမှာ ကောင်းမွန်တဲ့     စိတ်ကူးစိတ်သန်းတွေရှိကြပြီး     သရုပ်ဖော်ပုံလေးတွေ၊ ရုပ်ပုံကားချပ်လေးတွေ၊      ဓာတ်ပုံလေးတွေပါတဲ့       စာအုပ်လေးတွေကနေ လေ့လာရတာကို ကြိုက်နှစ်သက်ကြပါတယ်။      

ပတ်ဝန်းကျင်ကနေတစ်ဆင့် လေ့လာရတာကိုလည်း ကြိုက်နှစ်သက်ကြပါတယ်။ သူတို့လေးတွေကို    စာသင်ကြားပေးမယ်ဆိုရင်တော့      သရုပ်ပြပုံကောင်းကောင်းနဲ့  သင်ကြားပေးပါ။   အရောင်စုံသင်ရိုးစာအုပ်လေးတွေကို     အသုံးပြုပါ။     သင်္ကေတနဲ့    ရုပ်ပုံကားချပ်လေးတွေကို ဆွဲပြပြီး လေ့ကျင့်ပေးပါ။      သင်ကြားရေး     အထောက်အကူပြု    ရုပ်ပုံကားချပ်လေးတွေကိုလည်း အသုံးပြုပြီး သင်ကြားပေးလို့ရပါတယ်။


၂။ Auditory Learners (learn through hearing)

Auditory Learners လေးတွေကတော့ စိတ်၀င်စားစရာ အကြောင်းအရာမျိုး သူတို့‌‌‌ရှေ့ပြောပြီဆို ပြောသမျှကို မမေ့မလျော့ အကုန်နီးပါး မှတ်ထားနိုင်ပြီး အကြားစွမ်းရည်မှာ ပါရမီထူးချွန်သူလေးတွေပဲဖြစ်ပါတယ်။ စကားနဲ့ပြောဆို ဆက်သွယ်ခြင်းက သူတို့လေးတွေအတွက် အကြောင်းအရာ အချက်အလက်တွေကို ပိုမိုမှတ်မိစေနိုင်ပါတယ်။ 

ဆူဆူညံညံပတ်၀န်းကျင်ကတော့ သူတို့အတွက် စိတ်အနှောင့်အယှက်ဖြစ်စေနိုင်ပြီး တိတ်ဆိတ်တဲ့ ပတ်၀န်းကျင်ကတော့ သူတို့အတွက် သင်ယူလေ့လာဖို့အကောင်းဆုံးနေရာပါပဲ။ သူတို့လေးတွေကို စာသင်ပေးမယ်ဆိုရင်တော့ တိတ်ဆိတ်တဲ့ ပတ်၀န်းကျင်မှာ သင်ယူစေတာမျိုးတို့၊ စကားလုံးအသစ်တွေအတွက် ရုပ်ပုံကားချပ်တွေ အသုံးပြုပြီး အသံကျယ်ကျယ်နဲ့ထွက်ဖတ်တာတို့၊ ပုံပြင်လေးတွေ ပြောပြပြီး သင်တာတို့၊ စကားလုံးလေးတွေကို အသံသွင်းခိုင်းပြီး ပြန်နားထောင်စေတာတို့က အသင့်တော်ဆုံးပဲဖြစ်ပါတယ်။


၃။ Tactile Learners (learn through touch)

Tactile Learners လေးတွေကတော့ တစ်ခုခုဆို ချရေးမှ မှတ်မိသူတွေဖြစ်ပြီး သူတို့လက်နဲ့ကိုယ်တိုင် ထိတွေ့ရတဲ့ လုပ်ဆောင်ချက်လေးတွေ၊ လက်တွေ့ကစားနည်းလေးတွေကို ပိုမိုနှစ်သက်သူမျိုးတွေပါ။ ကျောင်းစာသင်ကြားရာမှာလည်း စိတ်၀င်စားလွယ်သူတွေပဲဖြစ်ပါတယ်။ သူတို့ရဲ့မှတ်ဉာဏ်လေးတွေ ပိုမိုကောင်းမွန်လာဖို့အတွက် ပန်းချီဆွဲရတာ၊ စာရွက်ပေါ်မှာ ရေးခြစ်ရတာလေးတွေကိုလည်း ကြိုက်နှစ်သက်ကြပါတယ်။ 

သူတို့လေးတွေကို စာသင်ကြားပေးမယ်ဆိုရင်တော့ စာကို တောက်လျှောက်ကြီး သင်တာမျိုး မဟုတ်ဘဲ ကစားနည်းလေးတွေ၊ ပဟေဠိလေးတွေနဲ့ ညှပ်ပြီး သင်ကြားပေးတာမျိုးက ပိုမိုအထောက်အကူဖြစ်စေနိုင်ပါတယ်။ သင်ခန်းစာနဲ့ ပတ်သက်ပြီး သရုပ်ဖော်စေတာ၊ လက်တွေ့လုပ်ဆောင်စေတာမျိုးကလည်း အထောက်အကူဖြစ်စေပါတယ်။ အထူးသဖြင့်တော့ သူတို့လေးတွေအတွက်က စိတ်ရှည်လက်ရှည်နဲ့ စိတ်ဝင်စားမှုအပေါ်မူတည်ပြီး အချိန်ခွဲသင်ပေးတာ အကောင်းဆုံးပါပဲ။


၄။ Kinesthetic Learners (learn through doing and moving)

Kinesthetic Learners လေးတွေကတော့ လှုပ်ရှားမှုနဲ့ လုပ်ဆောင်ချက်တွေကနေ သင်ယူလေ့လာကြသူတွေပါ။ သူတို့လေးတွေက တစ်နေရာတည်းမှာ လုံး၀ငြိမ်သက်ပြီး မနေနိုင်ပဲ တက်တက်ကြွကြွ လှုပ်ရှားနေရမှ ကျေနပ်နိုင်တဲ့သူမျိုးတွေပါ။ အာရုံတစ်ခုတည်းမှာ အကြာကြီးထားခိုင်းလို့မရပဲ တစ်ခုပြီးတစ်ခု ပြောင်းလုပ်နေရတာကို ကြိုက်နှစ်သက်တဲ့သူမျိုးတွေပါ။ သူတို့လေးတွေကို တက်တက်ကြွကြွနဲ့ ကိုယ်တိုင်ကိုယ်ကျ ပါ၀င်လှုပ်ရှားခိုင်းလို့ရတဲ့ သင်ကြားမှုပုံမျိုးနဲ့ကိုင်တွယ်မှသာ သူတို့ရဲ့စိတ်၀င်စားမှုကို အပြည့်အ၀ ရရှိစေမှာပါ။ 

သူတို့လေးတွေက ဖန်တီးမှုအားကောင်းသလို ဉာဏ်ရည်လည်း ကောင်းကြတဲ့အတွက် နှုတ်တိုက်အလွတ်ရေးနည်း စနစ်တွေက သူတို့အတွက်တော့ အဆင်မပြေလှပါဘူး။ တွန်းအားလည်း အရမ်းကြီး သွားပေးလို့မရတဲ့ သူမျိုးတွေပါ။ သင်ခန်းစာနဲ့အတူ လက်တွေ့လုပ်ဆောင်ချက်လေးတွေ၊ ကစားနည်းလေးတွေနဲ့ တွဲသင်မယ်ဆိုရင်တော့ စာသင်တဲ့ အခါမှာ ပျော်ရွှင်လာပါလိမ့်မယ်။

 

၅။ Logical Learners (learning through conceptually thought)

သူတို့လေးတွေကျတော့ အတွေးအခါ်သမားတွေ ဖြစ်ပါတယ်။ အကျိုးအကြောင်း ဆက်စပ်တွေးခေါ်ရတာ၊ တွက်ချက်ရတာ၊ မေးခွန်းတွေမေးရတာကို သဘောကျတဲ့သူတွေပါ။ သူတို့လေးတွေက ပုစ္တာတွေ ဖြေရှင်းတဲ့အခါမှာလည်း လုပ်ထုံးလုပ်နည်းအတိုင်း၊ တစ်ဆင့်ပြီးမှတစ်ဆင့် တွက်ချက်ရတာကို အားသာပါတယ်။ အရာ၀တ္ထုတွေရဲ့ အလုပ်လုပ်ပုံတွေ၊ အဖြေရှာထုတ်ရတာတွေ၊ အချက်အလက်တွေ ခွဲခြမ်းစိတ်ဖြာရတာတွေကို စိတ်ပါဝင်စားသူတွေမို့ စာချည်းပဲ သင်နေရရင် ပျင်းလာတတ်ပါတယ်။ 

သူတို့လေးတွေကို စာသင်ပေးမယ်ဆိုရင် Puzzels လေးတွေ ကစားခိုင်းတာ၊ Diagram တွေ၊ Chart တွေပြပြီး အချက်အလက်တွေ ရှင်းပြတာ၊ သူတို့ကို စဉ်းစားဖို့ မေးခွန်းတွေပေးတာ၊ ရှုပ်ထွေးတဲ့သင်္ချာပုစ္ဆာတွေ ဖြေရှင်းခိုင်းတာမျိုးဆို သူတို့နဲ့ ကိုက်တဲ့ သင်ကြားမှုနည်းလမ်းတွေဖြစ်ပါတယ်။ နောက်ပြီးသူတို့က ကမ္ဘာကြီးနဲ့ ပတ်သက်ပြီး မေးခွန်းတွေမေးတဲ့အခါ၊ သူတို့ပတ်ဝန်းကျင်က အရာ၀တ္ထုတွေအကြောင်း သိချင်တဲ့အခါ အချက်အလက်အတိအကျနဲ့တကွ သာဓက၊ ဥပမာလေးတွေနဲ့ ပြန်ဖြေပေးရင် ပိုသဘောကျပါတယ်။

 

ဒီလောက်ဆိုရင်တော့ ကလေးတစ်ဦးနဲ့တစ်ဦး မတူညီတဲ့ သင်ယူလေ့လာပုံအကြောင်းကို သိရှိနားလည်သွားပြီလို့ ယူဆပါတယ်။ ဒါကြောင့် ကလေးငယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုမှာ အခရာကျတဲ့ မိဘနဲ့ ဆရာတွေအနေနဲ့ ကလေးတစ်ဦးချင်းစီရဲ့ သင်ယူနိုင်မှုပုံစံကို သိရှိပြီး ကိုက်ညီတဲ့ နည်းလမ်းကို အသုံးပြုနိုင်မယ်ဆိုရင် ကျောင်းစာတွေတင်မကဘဲ ကလေးငယ်ရဲ့ တခြားသော ရုပ်ပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်တွေကိုပါ အများကြီးပံ့ပိုးပေးနိုင်မယ်လို့ ယုံကြည်မိပါတယ်။

 

Kindergarten Pre-school Primary Read 95 times