စက်သုံးဆီအခက်အခဲကြောင့် သင်ကြားမှုစနစ်ပြောင်းရန် ဘင်္ဂလားဒေ့ရှ် စဉ်းစား

ဘင်္ဂလားဒေ့ရှ်တွင် တစ်ပတ် (၆) ရက် ကျောင်းတက်ရမည့်စနစ်ကို ပြန်လုပ်ရန် စီစဉ်နေပြီး အွန်လိုင်းနှင့် ကျောင်းတက်ရောက်မှု အရောစနစ်ဖြင့် သင်ကြားရန် ဆွေးနွေးထားကြောင်း ပညာရေးဝန်ကြီး ANM Ehsanul Haque Milon က ဧပြီ (၁) ရက်နေ့က ပြောကြားခဲ့သည်။

အဆိုပါစနစ်ကို အဓိကအားဖြင့် မြို့ပြကြီးများမှ အမျိုးသားသင်ရိုးနှင့် နိုင်ငံတကာသင်ရိုးသင် ကျောင်းများတွင် စတင်ရန် ရည်ရွယ်ထားကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

စစ်တမ်းတစ်ခု ကောက်ယူပြီး ဖြေဆိုသူ (၅၅) ရာခိုင်နှုန်းသည် အွန်လိုင်းပညာရေးကို နှစ်သက်ကြောင်း တုံ့ပြန်ခဲ့သည်ဟု ဝန်ကြီးက မျှဝေခဲ့သည်။

"စက်သုံးဆီပြသနာက ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ခုတည်းကိုပဲ ကန့်သတ်ထားတာမဟုတ်ဘဲ ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းဖြစ်ပြီး၊ ဘယ်လောက်ကြာကြာ ဆက်ရှိနေဦးမလဲဆိုတာ မသိရတဲ့အတွက်ကြောင့် ကျွန်ုပ်တို့ရဲ့ အွန်လိုင်းနှင့်ကျောင်းတက်ရောက်မှု (Blended) စနစ်ကို မိတ်ဆက်ဖို့ စဉ်းစားနေပါတယ်" ဟု ပြောကြားခဲ့သည်။

“ဒါပေမယ့် ကျွန်တော်တို့ လုံးဝ အွန်လိုင်းပြောင်းလိုက်ရင်လည်း ကျောင်းသားတွေ လူမှုဆက်ဆံရေး အားနည်းသွားမှာကို စိုးရိမ်စရာရှိပါတယ်” ဟု ၎င်းက ဆိုသည်။

ထို့အပြင် အီးဒ်ဒုလ်ဖိသ်ရ် (Eid-ul-Fitr) ပွဲတော် ပိတ်ရက်နှင့် နိုင်ငံအတွင်း အရွေ့အမျိုးမျိုးကြောင့် ကျောင်းချိန်များ ဆုံးရှုံးသွားသည့်အတွက် ပုံမှန်ကျောင်းတက်ရက် (၅) ရက်ကို (၆) ရက်ပြန်လုပ်ရန်လည်း စီစဉ်နေကြောင်း သိရသည်။ 

အဆိုပါအစီအစဉ်ကို လာမည့် ကြာသပတေးနေ့ ဧပြီ (၉) ရက်နေ့တွင် ပြုလုပ်မည့် အစိုးရအဖွဲ့အစည်းအဝေး (Cabinet meeting) တွင် တင်ပြဆွေးနွေးပြီး အတည်ပြုချက် ရယူသွားမည် ဖြစ်ကြောင်း သိရသည်။

Source - Aisa News Network

International News Read 58 times