ဩစတေးလျတွင် အရှေ့တောင်အာရှကျောင်းသားများ ဦးစားပေးလက်ခံမည်

သြစတြေးလျသည် ၂၀၂၆ ခုနှစ်တွင် နိုင်ငံတကာကျောင်းသား (၂၉၅,၀၀၀) ကို ဝင်ခွင့်ပြုမည်ဖြစ်ပြီး ယခင်နှစ်ကထက် (၉)% တိုးမြှင့်ထားကာ အရှေ့တောင်အာရှမှ ကျောင်းသားများကို ဦးစားပေးလက်ခံမည်ဖြစ်ကြောင်း အစိုးရက သြဂုတ် (၄) ရက်တွင် ပြောကြားခဲ့သည်။

အိမ်ရာစျေးနှုန်းများ မြင့်တက်လာစေသည့် စံချိန်တင် ပြောင်းရွှေ့နေထိုင်မှုကို ထိန်းချုပ်ရန် နည်းလမ်းအဖြစ် ၂၀၂၄ ခုနှစ်တွင် ကန့်သတ်ချက်များကို ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ၂၀၂၅ ပညာသင်နှစ်တွင် နိုင်ငံတကာကျောင်းသား (၂၇၀,၀၀၀) သာ လက်ခံခဲ့သည်။

အဆိုပါမူဝါဒသည် နိုင်ငံတကာကျောင်းသား အရေအတွက်ကို အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်သည့်အတွက် ၂၀၂၆ ခုနှစ်တွင် နောက်ထပ်ကျောင်းသား (၂၅,၀၀၀) တိုးမြှင့်လက်ခံမည်ဖြစ်သောကြောင့် စုစုပေါင်းကျောင်းသားဦးရေ (၂၉၅,၀၀၀) ရှိမည်ဖြစ်သည်။

“ဒါဟာ ကျောင်းသားတွေ၊ တက္ကသိုလ်တွေနဲ့ နိုင်ငံရဲ့ အကျိုးစီးပွားကို ပံ့ပိုးပေးမယ့် နိုင်ငံတကာပညာရေးကို မြှင့်တင်တာပါ" ဟု ပညာရေးဝန်ကြီး Jason Clare က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သြစတြေးလျသည် ကိုဗစ်-၁၉ ပြီးနောက် နိုင်ငံသို့ ပြန်လည်ဝင်ရောက်လာကြသည့် နိုင်ငံတကာကျောင်းသားများအတွက် ၂၀၂၃ ခုနှစ်တွင် ကျောင်းသားဗီဇာ (၆) သိန်းနီးပါးကို ထုတ်ပေးခဲ့ပြီး တရုတ်နှင့် အိန္ဒိယကျောင်းသား အများဆုံးဖြစ်သည်။

၂၀၂၄ ခုနှစ်တွင် ဩစတေးလျသည် နိုင်ငံတကာကျောင်းသးအရေအတွက်ကို ကန့်သတ်သည့်အပြင် ကျောင်းသားများအတွက် ဗီဇာကြေးကို (၂) ဆကျော်တိုးမြှင့်ခဲ့ပြီး ဗီဇာသက်တမ်းတိုးခွင့်ကိုလည်း ပိတ်ပင်ခဲ့သည်။

လက်ရှိတွင် နိုင်ငံအတွင်း လူဦးရေတိုးပွားမှုကို ထိန်းချုပ်နိုင်ပြီဖြစ်သည့်အတွက် ၂၀၂၆ ခုနှစ်တွင် ကျောင်းသားအရေအတွက်ကို တိုးမြှင့်လက်ခဲ့သည်ဖြစ်ကြောင်း နိုင်ငံတကာပညာရေးလက်ထောက်ဝန်ကြီး Julian Hill က ပြောကြားခဲ့သည်။

ကျောင်းသားသုံးပုံနှစ်ပုံကို တက္ကသိုလ်များတွင် တက်ရောက်ခွင့်ပြုပြီး ကျန်တစ်ပုံကို အသက်မွေးဝမ်းကျောင်းနှင့် လေ့ကျင့်ရေးကျောင်းများတွင် တက်ရောက်ခွင့်ပြုမည်ဟု သိရသည်။

အစိုးရတက္ကသိုလ်များသည် ပြည်တွင်းနှင့် နိုင်ငံတကာကျောင်းသားများအတွက် နေထိုင်ရန် လုံခြုံစိတ်ချရကြောင်း ပြသရမည်ဖြစ်ပြီး နေရာဒေသအသီးသီးမှ ကျောင်းသားများ တိုးလာရန် အရှေ့တောင်အာရှရှိ ကျောင်းသားများကို ပိုမိုလက်ခံရမည်ဖြစ်ကြောင်း Mr. Hill က ပြောကြားခဲ့သည်။

သြစတြေးလျ၏ စီးပွားရေးအရ တရုတ်နိုင်ငံအပေါ် မှီခိုအားထားမှုကို လျှော့ချရန် ရည်ရွယ်ထားသောကြောင့် ဝန်ကြီးချုပ် Anthony Albanese သည် အရှေ့တောင်အာရှနှင့် ဆက်ဆံရေး တည်ဆောက်ရန် အာရုံစိုက်လာသည်။

သြစတြေးလျ တက္ကသိုလ်များသည် နိုင်ငံတကာ ကျောင်းသားများကို ပိုမိုခွင့်ပြုရန် အစိုးရ၏ ထက်မြက်သော ဆုံးဖြတ်ချက်ကို လက်ခံသဘောတူညီကြောင်း ပြောကြားခဲ့သည်။

သြစတြေးလျသည် နိုင်ငံတကာကျောင်းသား ဝင်ရောက်မှုအများဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် နိုင်ငံတကာပညာရေးမှ ဩစတေးလျဒေါ်လာ (၅၁) ဘီလီယံကျော် ဝင်ငွေရရှိခဲ့သည်။ 

Source - The Straits Times

International News Read 18 times