ပြည်ပကျောင်းသားများ လက်မခံခြင်းဖြင့် ဩစတေးလျက ဒေါ်လာသန်းနှင့်ချီ ဝင်ငွေရရှိ

ဩစတြေးလျအစိုးရသည် ၂၀၂၆ ခုနှစ် မတ်လတစ်လအတွင်း ပြည်ဝင်ခွင့်ဗီဇာ ငြင်းပယ်ခံခဲ့ရသည့် နိုင်ငံတကာ အဆင့်မြင့်ပညာရေးကျောင်းသားများဆီက ဩစတြေးလျဒေါ်လာ (၁၀) သန်းနီးပါးအထိ ရရှိခဲ့ကြောင်း သိရသည်။

ပြည်ထဲရေးဝန်ကြီးဌာန (DHA) ၏ နောက်ဆုံးရ အချက်အလက်များအရ မတ်လအတွင်းမှာ ဩစတေးလျနိုင်ငံအား ဝင်ခွင့်ဗီဇာလျှောက်ထားသူ ကျောင်းသားလောင်း (၄,၈၀၀) နီးပါးအထိ ဗီဇာငြင်းပယ်ခံခဲ့ရသည်။ 

ဩစတြေးလျဒေါ်လာ (၇၁၀) သာရှိခဲ့သည့် ကျောင်းသားဗီဇာလျှောက်လွှာကြေးကို ၂၀၂၄ ခုနှစ်လယ်တွင် အော်စတြေးလျဒေါ်လာ (၂,၀၀၀) ကျော်အထိ တိုးမြှင့်လိုက်သည့်အတွက် ဗီဇာငြင်းပယ်ခံရသူ အားလုံးနီးပါးဟာ လျှောက်လွှာကြေးများကို ဆုံးရှုံးခဲ့ကြရပြီး အစိုးရက အဆိုပါ လျှောက်လွှာကြေးငွေများကို အသားတင် ရရှိခဲ့သည်။ 

မတ်လအတွင်း အစိုးရသည် ဗီဇာရရှိခဲ့သူရော၊ ဗီဇာငြင်းပယ်ခံရသူရော အားလုံးထံမှ ငွေအားဖြင့် စုစုပေါင်း ဩစတြေးလျဒေါ်လာ (၆၅) သန်းနီးပါး ရရှိခဲ့ပြီး၊ ဒီဝင်ငွေဟာ မိုးလေဝသဌာန ဒါမှမဟုတ် စာရင်းအင်းအေဂျင်စီကဲ့သို့ ဌာနများကို ရန်ပုံငွေထောက်ပံ့ပေးနိုင်လောက်သည်အထိ များပြားပါသည်။

ဗီဇာကြေးမှရသော ဝင်ငွေသည် ဩစတေးလျနိုင်ငံရှိ အစိုးရဌာနများ၏ တစ်နှစ်တာ အသုံးစရိတ်ထက်ပင် ကျော်လွန်နေပြီဖြစ်ကြောင်း Studymove အတိုင်ပင်ခံလုပ်ငန်း၏ မန်နေးဂျင်းဒါရိုက်တာ Ramirez က ပြောကြားခဲ့သည်။

"ဗီဇာလျှောက်လွှာတွေကို စစ်ဆေးအကဲဖြတ်တဲ့ ကုန်ကျစရိတ်ကို ကျောင်းသားတွေဘက်က ကျခံရမယ်ဆိုတာ ကျိုးကြောင်းဆီလျော်ပေမဲ့၊ ဒီအတွက် ကုန်ကျစရိတ်ဟာ ဒေါ်လာအနည်းငယ်လောက်သာ ရှိသင့်တာပါ။ ဗီဇာ အတည်ပြုမပေးမချင်း ဒီပမာဏထက် ပိုပြီး မကောက်ခံသင့်ဘူး။" ဟု Ramirez က ပြောသည်။

"ဗီဇာကြေးတွေကို တိုးမြှင့်လိုက်တာဟာ တကယ့်ကို ဆိုးရွားလွန်းတဲ့ မူဝါဒပဲ" လို့ လူဝင်မှုကြီးကြပ်ရေးဌာန၏ ဒုတိယအတွင်းဝန်ဟောင်း Rizvi က ဆိုပါသည်။

ချမ်းသာသောနိုင်ငံတစ်ခုဟာ အလယ်အလတ်ဝင်ငွေရှိသည့် အိမ်နီးချင်းနိုင်ငံများက ကျောင်းသားများ၏ ပညာရေးမျှော်လင့်ချက် ပျက်ပြားမှုကို အသုံးချပြီး ဒေါ်လာသန်းပေါင်းများစွာ ရှာဖွေနေသည့် ကျင့်ဝတ်ပိုင်းဆိုင်ရာအပေါ် သူက မေးခွန်းထုတ်ခဲ့သည်။

"ဒါက ကျင့်ဝတ်နဲ့မညီရုံတင်မကဘူး၊ မူဝါဒကပါ ညံ့ဖျင်းတာပါ။ ကျွန်တော်တို့ဟာ အတော်ဆုံးကျောင်းသားတွေကို ဆွဲဆောင်နိုင်ဖို့ ကြိုးစားရမှာဖြစ်ပြီး၊ အခုလို ဗီဇာကြေးတွေ မြှင့်တင်လိုက်တာဟာ အတော်ဆုံးကျောင်းသားတွေကို ဆွဲဆောင်ရာမှာ အထောက်အကူဖြစ်မှာ မဟုတ်ပါဘူး။" ဟု Rizvi က ဝေဖန်ခဲ့သည်။

နိုင်ငံပြင်ပကနေ လျှောက်ထားသည့် အဆင့်မြင့်ပညာရေး ဗီဇာအောင်မြင်မှုနှုန်းဟာ ဖေဖော်ဝါရီလမှာ စံချိန်တင် အနိမ့်ဆုံးကို ရောက်ရှိခဲ့ပြီး၊ မတ်လတွင် ပိုပြီးတော့တောင် ကျဆင်းသွားခဲ့ပါသည်။ 

ဩစတေးလျသည် ရွေ့ပြောင်းအခြေချသူဦးရေကို ထိန်းချုပ်လိုသောကြောင့် ဗီဇာတင်းကျပ်ခဲ့ရပြီး ယခင်က ပထမတစ်နှစ်စာ နေထိုင်စရိတ် ပြနိုင်ရင် ဗီဇာထုတ်ပေးပေမဲ့ ယခုအခါမှာတော့ သင်တန်းကာလတစ်ခုလုံးအတွက် ကုန်ကျစရိတ် မပြနိုင်သည့် လျှောက်ထားသူများကိုပါ ဗီဇာငြင်းပယ်ပိုင်ခွင့်ရှိနေပြီဖြစ်ကြောင်း သိရသည်။

Source - Times Higher Education

International News Read 13 times