အင်ဂျင်နီယာဘာသာရပ် ကမ္ဘာ့ထိပ်တန်း (၁၀) နေရာကို အာရှတက္ကသိုလ်များ ရရှိ

၂၀၂၆-၂၀၂၇ ခုနှစ် U.S. News & World Report ၏ အင်ဂျင်နီယာဘာသာရပ်ဆိုင်ရာ ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်စာရင်းတွင် အာရှတက္ကသိုလ်များသည် ထိပ်တန်းနေရာ (၁၀) ခုစလုံးကို ရယူနိုင်ခဲ့ပြီး အမေရိကန်က Massachusetts Institute of Technology ကို ကျော်တက်ခဲ့သည်။

တရုတ်ပြည်မကြီးသည် ထိပ်တန်းတက္ကသိုလ် (၁၀) နေရာအနက် (၇) နေရာအထိ ပိုင်ဆိုင်ခဲ့ပြီး Tsinghua University သည် ပထမနေရာတွင် ရပ်တည်ခဲ့သည်။ Shanghai Jiao Tong University နှင့် Zhejiang University သည် တတိယနေရာကို ပူးတွဲ ရရှိခဲ့သည်။

စင်ကာပူနိုင်ငံမှ တက္ကသိုလ် နှစ်ခုသည်လည်း အင်ဂျင်နီယာဘာသာရပ် ကမ္ဘာ့ထိပ်တန်း (၁၀) ခုစာရင်းတွင် ပါဝင်နိုင်ခဲ့သည်။ Nanyang Technological University က အဆင့် (၂)၊ National University of Singapore က အဆင့်(၈) တို့ကို ရရှိခဲ့ကြသည်။ 

Hong Kong Polytechnic University သည် ဟောင်ကောင်၏ တစ်ခုတည်းသော ကိုယ်စားပြုကျောင်းဖြစ်ပြီး အဆင့် (၆) နေရာတွင် ရပ်တည်ခဲ့သည်။

အင်ဂျင်နီယာဘာသာရပ်ဆိုင်ရာ ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ် အဆင့်သတ်မှတ်ချက်စာရင်း

ဆက်လက်ကြည့်ရှုရန်

> https://www.usnews.com/education/best-global-universities/engineering

အာရှပြင်ပမှ အမြင့်ဆုံးရပ်တည်နိုင်ခဲ့သည့် တက္ကသိုလ်မှာ အမေရိကန်နိုင်ငံရှိ နာမည်ကြီးကျောင်း Massachusetts Institute of Technology (MIT) ဖြစ်ပြီး အဆင့် (၁၂) တွင် ရှိနေသည်။ 

အင်ဂျင်နီယာဘာသာရပ်သည် ဇွန်လအတွင်းက U.S. News မှ ထုတ်ပြန်ခဲ့သော ဘာသာရပ်ဆိုင်ရာ အဆင့်သတ်မှတ်ချက် (၅၁) ခုအနက် အကြီးဆုံးဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှ တက္ကသိုလ်ပေါင်း (၁,၆၁၄) ခုကို အကဲဖြတ်ခဲ့သည်။ 

ဤအဆင့်သတ်မှတ်ချက်သည် ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ထုတ်ဝေခဲ့သော သုတေသနစာတမ်းများနှင့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလ (၂၅) ရက်နေ့အထိ ရရှိခဲ့သော ကိုးကားချက်များအပေါ် မူတည်၍ အင်ဂျင်နီယာသုတေသန စွမ်းဆောင်ရည်ကို အကဲဖြတ်ထားခြင်း ဖြစ်သည်။ 

တက္ကသိုလ်များကို ညွှန်းကိန်း (၁၂) ခုဖြင့် ဆန်းစစ်ခဲ့ပြီး အဆိုပါ (၅) နှစ်တာကာလအတွင်း အင်ဂျင်နီယာစာတမ်း အနည်းဆုံး (၂၅၀) ထုတ်ဝေထားရန် လိုအပ်ချက်လည်း ရှိသည်။

အာရှတက္ကသိုလ်များသည် ဉာဏ်ရည်တုနည်းပညာ (AI)၊ ဓာတုအင်ဂျင်နီယာ၊ ကွန်ပျူတာသိပ္ပံနှင့် ဒြပ်ပစ္စည်းသိပ္ပံ ကဲ့သို့သော နယ်ပယ်များတွင်လည်း ထိပ်တန်းနေရာများစွာကို ရယူထားကြသည်။

Source - U.S. News & Report , VN Express

International News Read 12 times